တချိန်က နာမည်ကြီးခဲ့ပေမယ့် ဘဝနေဝင်ချိန်မှာ လူသူမသိဖြစ်ခဲ့ရတဲ့ ရာဇဝင်မင်းသားကြီး ထွန်းလုံရှိန်

ဘုရင်မကြီးနဲ့ တစ်ရက်တည်း ကွယ်လွန်ခဲ့တာ ဖြစ်ပေမယ့် မီဒီယာတွေရဲ့ အလေးထား ဖော်ပြခြင်း မခံခဲ့ရတဲ့ မြန်မာရာဇဝင်မင်းသားကြီး ထွန်းလုံရှိန်၊ ငယ်ငယ်တုန်းက မိုးအလင်းပြတဲ့ ဆေးရောင်စုံ နယ်လှည့် ဗီဒီယိုတွေ လာရင် ဇာတ်ထုတ်ကို သိပ်ကြည့်ချင်ခဲ့တာ။

ရွာမှာ အဖြူအမည်းဗီဒီယိုရုံ ရှိပေမယ့် ဇာတ်ထုတ်က ကြည့်ရခဲတယ်။ ပြီးတော့ ဇာတ်ထုတ်က အဝတ်အစားတွေကလည်း အရောင်တွေ သိပ်လှတာ ဆိုတော့ ဆေးရောင်စုံနဲ့မှ ပိုကြည့်ကောင်းတယ်။ မိုးအလင်း ၆/၇ ကားလောက် ပြတယ်။ ဒါပေမယ့် အဖေက အိပ်ရေးပျက်မှာ စိုးလို့ (၂)ကားပဲ ကြည့်ခွင့်ပေးတယ်။ (၂)ကား ပြီးတာနဲ့ ဓာတ်မီးနဲ့ လာရှာတယ်။

ဇာတ်ထုတ် ကြည့်ချင်တော့ မုန့်တီဆိုင်၊ သစ်ပင်နောက်၊ ခုံအောက် စတဲ့ နေရာတွေမှာ ပုန်းနေခဲ့ပေမယ့် ဘယ်နေရာ ပုန်းပုန်း အဖေက မိတာပါပဲ။ အဲဒီတော့ အိမ်ပြန် အိပ်ရာဝင်ရပြီ။ ဒါပေမယ့် ကျွန်တော်က ဇာတ်ထုတ် ကြည့်ချင်တဲ့ စိတ်နဲ့ တစ်ညလုံး အိပ်မပျော်ဘူး။ ဒီလိုနဲ့ မနက်(၄)နာရီလောက် ရောက်တာနဲ့ အိပ်ရာခေါင်းရင်း ပြတင်းပေါက်ကနေ ခိုးထွက်ခဲ့တယ်။


ဗီဒီယိုပြတဲ့ ရွာလယ် ကွင်းပြင်ကို အပြေးသွား၊ ရှေ့ဆုံးသို့ အတင်း တိုးဝှေ့ပြီး ကြည့်၊ အဆုံးထိ ကြည့်ချင်ပေမယ့် (မိုးမလင်းခင်) အိမ်က လူတွေ မနိုးခင် အိမ်ကို ပြန်ခိုးဝင်ပြီး အိပ်ချင်ယောင် ဆောင်နေခဲ့တယ်။ ပြန်တွေးကြည့်တိုင်း ကျွန်တော့်ရဲ့ ငယ်ဘဝကို ပိုပြည့်စုံစေခဲ့တဲ့ (ဦး)ထွန်းလုံရှိန်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိတယ်။

၁၉၉၅ ကနေ ၂၀၀၅ ကာလတွေတုန်းက လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားခဲ့တဲ့ ရာဇဝင်မင်းသားကြီး ထွန်းလုံရှိန် ၈-၉-၂၂ နေ့က ဆုံးရှာတယ်။ ၁၄-၉-၂၂ ရက်နေ့မှာ ရက်လည်ဆွမ်းသွတ်တယ်။ ဒါပေမယ့် ဒီနေ့အထိ မီဒီယာတွေက ဖော်ပြတာ မမြင်မိသေးဘူး။ အင်မတန် စိတ်မကောင်း ဖြစ်မိတယ်။ တကယ်ဆို မြန်မာတနိုင်ငံလုံးရဲ့ ဝမ်းနည်းကြောင်း ဆုတောင်းစကားလေးတွေနဲ့ တကယ်ကို ထိုက်တန်တဲ့ မင်းသားကြီးပါ။ (ရမ္မာ)

မြန်မာ့ဗီဒီယိုခေတ်ဦးက ရာဇဝင်ကားတွေမှာ မင်းသား “ထွန်းလုံရှိန် ” ဆိုရင် အထူးသဖြင့် ကျေးလက်တောနေသူတွေ မသိမရှိသ လောက်ပါပဲ။ သူ့ရဲ့ ရာဇဝင် ကား တော်တော်များကိုလည်း ငယ်ငယ်က ရွာမှာ ကြည့်ဖူးခဲ့တယ်။

ထွန်းလုံရှိန် – ချယ်ရီသင်း အတွဲ သရုပ်ဆောင်ပါတာ များလေ့ရှိတဲ့ ရာဇဝင်ကားတွေပါ။ အဲဒီအချိန်ဟာ နည်းပညာ၊ စက်ပစ္စည်းတွေ သိပ်ပြီး မထွန်းကား၊မဖွံ့ဖြိုးသေးတဲ့ ကာလ၊ အင်တာနက်တွေ ဖေ့ဘွတ်ခ်တွေ ဘာမြန်းတောင် မကြားဖူးသေးတဲ့ ကာလပေါ့လေ။

အခုလို လူတိုင်း ဖုန်းကိုင်ဖို့ မပြောနဲ့ တီဗီ ဝယ်နိုင်တဲ့သူတောင် ခပ်ရှားရှားပဲ။ တစ်ရွာလုံးမှာမှ တစ်ဦးစ၊ နှစ်ဦးစ ဒီလောက်ပါပဲ။ တီဗီက ထုတ်လွင့်တဲ့ အဖြူအမည်းရုပ်ရှင် ဇာတ်ကားတွေကို “ငါးမူး” ပေးပြီး ကြည့်ခဲ့ရတယ်။ အောက်စက်ဝယ်ပြီး ကာလာနဲ့ မြန်မာကား၊ နိုင်ငံခြားကားတွေ ပြပြန်တော့လည်း ဗွီဒီယိုရုံကိုသွားပြီး တစ်ကျပ် ငါးမူး ပေးပြီး ကြည့်ခဲ့ရတယ်။


ငယ်ငယ်တုန်းက ကျေးလက်တော ရွာမှာပါ။ ရာဇဝင်ကားတွေ တော်တော်များများ ကြည့်ခဲ့ဖူးတဲ့ အထဲက မင်းသားကြီး ထွန်းလုံရှိန်ရဲ့ ရာဇဝင် ကားတွေလည်း မှတ်မိနေဆဲပါ။အခုတော့ မြန်မာ့ဗီဒီယိုခေတ်ဦး”ရာဇဝင်မင်းသားကြီး “ထွန်းလုံရှိန်”ဟာ အသက် ၆၃ နှစ်အရွယ် ကွယ်လွန်သွားပါပြီ။ ဒီလ စက်တင်ဘာ ၈ ရက်နေ့က ရန်ကုန်မှာ ကွယ်လွန်သွားတာပါ။ (Lin Lin Aung)crd

Leave a Comment