လက်ရှိ လူမှုကွန်ယက် စာမျက်နှာတွေမှာ လူပြောများနေတဲ့ အကြောင်းအရာတွေကတော့ ကလေးသူငယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေ ကြုံတွေ့ ဖြေရှင်းနေရတဲ့ ကလေးစွန့်ပစ်မှုပြဿနာနဲ့ ဆင်းရဲ နွမ်းပါး ကလေးငယ်တွေကို ရေပေါ်ဆီ ဆယ်လီတွေရဲ့ ပေါ်ပင်ဝိုင်းရံမှုတို့ကို လူပြောများနေကြပါတယ်။
ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ ကြုံတွေ့နေရတဲ့ ကလေးစွန့်ပစ်မှု ပြဿနာဟာ ရှုပ်ထွေးနေသေးပါတယ်။ မင်းသမီး ခိုင်နှင်းဝေကတော့ ကလေးကို ဆက်လက် စောင့်ရှောက်ထားမှာ ဖြစ်ပြီး တရားဥပဒေနဲ့ အညီ ပြုလုပ်ဖို့သာ တောင်းဆိုထားပါတယ်။
ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေဟာ အနုပညာလုပ်ငန်းများကို လုပ်ကိုင်ရင်း ကလေးသူငယ်များ စောင့်ရှောက်ရေးဂေဟာကိုလည်း စိတ်နှစ်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။သူ့ရဲ့ ဂေဟာသို့ ရောက်ရှိလာတဲ့ ကလေးတွေကို တသက်လုံး အာမခံစာချုပ်နဲ့ သေသေချာချာ စောင့်ရှောက်ပေးလျက် ရှိပါတယ်။
အဲဒါကြောင့်လည်း ကလေး စွန့်ပစ်ခံရတယ်ဆိုရင် ခိုင်နှင်းဝေကိုပဲ လူတွေက သတိရနေကြပြီ ဖြစ်ပါတယ်။
မိဘတွေအနေနဲ့ သားသမီး မယူခင်မှာ စဉ်းစားချိန်တွေ အမြောက်အမြား ရပါတယ်။ ဒါပေမယ့် တချို့ ပညာအရည်အချင်းနဲ့ နှလုံးသား နိမ့်ကျတဲ့သူတွေကတော့ စဉ်းစားချိန် မရနိုင်လောက်အောင်ပါပဲ။
လူသားကလေးငယ် တယောက်ကို အင်မတန်ရှုပ်ထွေးတဲ့ လောကကြီးထဲသို့ ရှေ့နောက် မစဉ်းစားဘဲ ခေါ်ဆောင်လာလေ့ ရှိပါတယ်။
ပြီးတော့ ခပ်လွယ်လွယ် စွန့်ပစ်ဖို့ စဉ်းစားကြပါတယ်။ မွေးကင်းစ ကလေးငယ်ကို စွန့်ပစ်ခြင်းဟာ ထောင်ဒဏ် အပြစ်ပေး ချမှတ်နိုင်ကြောင်းကို ကလေးသူငယ် ဥပဒေမှာ အတိအလင်း ဖော်ပြထားပါတယ်။
ကလေးကို သေစေလိုတဲ့ ဆန္ဒနဲ့ စွန့်ပစ်မယ်ဆိုပါက ထောင်ဒဏ်တသက်တကျွန်းအထိ ချမှတ်နိုင်ပါတယ်။
ပရဟိတ မင်းသမီးကြီး ခိုင်နှင်ဝေး ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ကန်တော်ကြီးထဲက ကလေးစွန့်ပစ်မှု တခုမှာ စွန့်ပစ်ခံရတဲ့ ကလေးဟာ မြေကြွက်တွေ အန္တရာယ်ကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့ စိတ်မကောင်းစွာ သိခဲ့ရပါတယ်။
တခြားအကြောင်းတွေကြောင့်လည်း စွန့်ပစ်ခံ ကလေးတွေဟာ အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်တွေ အများအပြား ရှိခဲ့ပါတယ်။
ကလေးစွန့်ပစ်တာနဲ့ ပတ်သက်လို့ ကိုရီးယားနိုင်ငံက ထူးဆန်းတဲ့ သတင်းတပုဒ်အကြောင်းကို အမှတ်ရမိပါတယ်။ ကိုရီးယားနိုင်ငံမှာ အလွန်အေးတဲ့ ရာသီရှိတာကြောင့် လမ်းဘေးမှာ စွန့်ပစ်ခံရတဲ့ ကလေး အတော်များများက အသက်ရှင်နိုင်ခြေ ရာခိုင်နှုန်း အတော်နည်းပါတယ်။
အဲဒါကြောင့် ကလေးစောင့်ရှောက်ရေးအဖွဲ့တခုက အနွေးဓာတ်ပေးထားတဲ့ အိမ်ငယ်လေးတွေကို နိုင်ငံတဝှမ်းမှာ ဆောက်ပေးပြီး ကလေးစွန့်ပစ်ချင်ရင် အဲဒီအိမ်လေးတွေထဲ စွန့်ပစ်ဖို့ ပညာပေးတဲ့ သတင်းတပုဒ်ပါပဲ။
သူများနိုင်ငံတွေရဲ့ ဘက်စုံထောင်စုံ တွေးပေးနိုင်စွမ်းကတော့ လေးစားစရာပါပဲ။
မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေး အခြေအနေနဲ့ကတော့ ကလေး စွန့်ပစ်မှုတွေ ပိုမို များပြားလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
မိဘတွေအနေနဲ့ ကလေးမယူခင်မှာ သေချာစဉ်းစားဆုံးဖြတ်သင့်ပါတယ်။ နောက်ဆုံး မွေးပြီး ဆက်မကျွေးမွေးနိုင်ရင်တောင် ဂေဟာတွေမှာ သေသေချာချာ သွားအပ်ကြပါ။ လမ်းဘေးမှာ ထင်သလို မစွန့်ပစ်ကြပါနဲ့လို့ အသေအချာ အသိပေးလိုပါတယ်။
ကလေးသူငယ်နဲ့ ပတ်သက်ပြီး နောက်ထပ် ပြောချင်တဲ့ကိစ္စတခုကတော့ ရေပေါ်ဆီ ဆယ်လီတွေရဲ့ ပေါ်ပင် မဟာကရုဏာရှင် ဒရမ်မာ ခင်းတဲ့ အကြောင်းပါပဲ။ မြန်မာပြည် အွန်လိုင်းမှာ နာမည်ကြီးချင်ရင် လမ်းပေါ်က ဆင်းရဲနွမ်းပါး ကလေးတွေကို နည်းနည်းပါးပါး လှူပြလိုက်ဆိုတဲ့ ရေစီးကြောင်းတခု ဖြစ်ပေါ်နေပါတယ်။
တကယ်တော့ ကလေးဆိုတာ အများအားဖြင့် ရောင့်ရဲတတ်တဲ့ စိတ်တွေ ရှိကြပါတယ်။ အရောင်လုံးဝ မရှိသေးတဲ့ ဖြူစင်နေတဲ့ စိတ်တွေရှိတဲ့ ကလေးတွေကို မိမိ နာမည်ကြီးလိုမှုနဲ့ အရောင်ဝိုင်းဆိုးကြတဲ့ လုပ်ရပ်တွေ ရပ်တန်းက ရပ်ပစ်သင့်ပါပြီ။
တပ်မက်မှု မရှိတဲ့ ကလေးတွေကို အဝတ်အစားတွေ ဆင်ပေး၊ ပိုက်ဆံတွေ အတင်းပေးပြီး လောဘစိတ်ကို အတင်းသွပ်သွင်း ပေးသလို ဖြစ်နေပါတယ်။ ပြီးတော့ တဘဝလုံးစာ တာဝန်ယူတာလည်း မဟုတ်ဘဲ နောက်တယောက် ပေါ်လာရင် ရှေ့တယောက်ကို မေ့ထားခဲ့ကြဦးမှာပဲ ဖြစ်ပါတယ်။
အမှန်တော့ မြန်မာပြည်ရဲ့ လမ်းပေါ်က ကလေးတွေ လိုအပ်နေတာ ရေပေါ်ဆီ ဆယ်လီတွေရဲ့ ပေါ်ပင် စောင့်ရှောက်မှုတွေ မဟုတ်ပါဘူး။ လုံခြုံတဲ့ ဥပဒေ အကာအကွယ်၊ စေတနာပါတဲ့ စောင့်ရှောက်မှုနဲ့ လွတ်လွတ်လပ်လပ် ပညာသင်ယူခွင့်၊ ကောင်းမွန်စွာ ထိန်းကျောင်းပေးနိုင်တဲ့ ပတ်ဝန်းကျင်ကို လိုအပ်တာပါ။
ယနေ့လူငယ် နောင်ဝယ် လူကြီးဆိုတဲ့အတိုင်း တိုင်းပြည်အနာဂတ်တွေ ဖြစ်တဲ့ ကလေးတွေ အခုချိန်မှာ ပလုံးကောက်နေရရင် နောင်တချိန်မှာ တိုင်းပြည်ကြီး ပလုံးကောက်တဲ့ အဖြစ်ကို ရောက်သွားပါလိမ့်မယ်။
ဒါကြောင့် မြန်မာပြည် ရေပေါ်ဆီ ဆယ်လီတွေအနေနဲ့ တကယ်စေတနာ ကရုဏာရှိရင် ကလေးတွေရဲ့ တဘဝလုံးစာကို ရန်ပုံငွေထူထောင်ပြီး စောင့်ရှောက်ပေးလိုက်ကြပါ။
လိုက်ခ်ရအောင်၊ ဖော်လိုဝါ တိုးအောင် ပိုက်ဆံ ငါးသောင်း တသိန်းလောက်နဲ့ ကင်မရာကြီး တကားကားနဲ့ သွားလုပ်မနေကြပါနဲ့။
ကလေးသူငယ်တွေကို တကယ်ချစ်ရင် ကလေးသူငယ်တွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားပေးကြပါ။ လွတ်လပ်စွာ ပညာသင်ကြားခွင့်ရအောင် လုပ်ပေးကြပါလို့ တောင်းဆိုလိုက်ပါရစေ… (ကူးယူသူများ ခရက်ဒစ် ပေးကြပါ ခင်ဗျာ)