KBZ Bank မှာအမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ(၃)ထောင်နှုန်းဖြင့်လက်ခံပေးနေဟုကြေညာ
ကမ္ဘောဇဘဏ် (KBZ) ကနိုင်ငံခြားလုပ်သားလုပ်အားခလစာငွေလွှဲတွေကိုအမေရိကန်တစ်ဒေါ်လာ ကျပ် ၃၀၀၀ နှုန်းနဲ့ လက်ခံထည့်ပေးမှာဖြစ်ကြောင်းအတည်ပြုပြီးဖြစ်တယ်လို့ Hana Bank Myanmar Page က ကြေညာထားပါတယ်။
‘‘ထပ်မံအတည်ပြုပြီးဖြစ်ပါတယ်။လွှဲထားသူများလည်းအတည်ပြုပြီးဖြစ်ပါတယ်’’လို့ ပေ့ချ်စာမျက်နှာမှာ ရေးသားထားပါတယ်။ “လစာငွေလွှဲဆိုတာ – Hana EZ ထဲမှာလက်ခံသူစာရင်းသွင်းတဲ့အခါငွေလွှဲရည်ရွယ်ချက်မှာလစာကိုရွေးထားပြီးစာရင်းသွင်းထားရင်
အသေးစိတ် အချက်အလက်ထဲမှာ SALARY သို့မဟုတ်ကုဒ်နံပါတ် “5200” လို့ ပေါ်နေပါမယ်။ အဲ့ဒိလို စာရင်းသွင်းထားသူအားလုံး KBZ သို့ ပြည်ပငွေလွှဲပြုလုပ်ပါက 1USD – 3,000 ကျပ်နဲ့ ထည့်ပေးသွားမှာဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ ၁၅ရက်နေ့မှာထပ်မံ အတည်ပြုပြောကြားပါတယ်။
ငွေလွှဲရည်ရွယ်ချက်မှာတခြားအသုံးစရိတ်နဲ့စာရင်းသွင်းထားတာမျိုးဆိုရင်ကြေငြာပေးထားတဲ့နှုန်းထားနဲ့ မရနိုင်တာမျိုးရှိနိုင်တဲ့အတွက်ပြန်လည်စစ်ဆေးပေးပါ။အကယ်၍ ရည်ရွယ်ချက်မှားထည့်ထားရင်မိမိစာရင်းသွင်းထားတာကိုဖျက်ပြီး အသစ် ပြန်လည်စာရင်းသွင်းပြီးမှငွေလွှဲပြုလုပ်ပေးပါက
အထက်ပါနှုန်းထားနဲ့ကျိန်းသေရရှိနိုင်မှာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်”ဆိုပြီး၎င်း၏ page မှာ ကြေညာထားတာပဲဖြစ်ပါတယ်။စာရွက်စာတမ်း ထပ်တောင်းတာမျိုးမရှိ၊ တုံကင်ယူစရာမလို၊ငွေပမာဏ ကန့်သတ်ချက်မရှိထုတ်ယူနိုင်ပြီး
အဆင်မပြေတာရှိရင် KBZ နဲ့ တိုက်ရိုက်ချိတ်ဆက်ဆက်သွယ်ပေးတာမို့တာဝန်ခံကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်းဖော်ပြရေးသားထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းနိုင်ငံခြားငွေနဲ့ရရှိတဲ့ မြန်မာသင်္ဘောသားလစာငွေတွေကို
တက်နိုင်သမျှအမြင့်ဆုံးနှုန်းထားနဲ့ဝယ်ယူပေးဖို့ဗဟိုဘဏ်ကညွှန်ကြားထားကြောင်း AYA ဘဏ်ရဲ့ ပြောကြားချက်ကိုကိုးကားပြီးပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF) ကထုတ်ပြန်ခဲ့ပါတယ်။MSF ရဲ့ ကြေညာချက်အတွင်းဒေသခံကိုယ်စားလှယ်မှမြန်မာကျပ်ငွေထုတ်ပေးခြင်းကိုလက်ခံခြင်းက
မိမိရဲ့သဘောဆန္ဒသာဖြစ်ပြီးငွေလဲနှုန်းကိုဘဏ်မှလဲလှယ်ပေးမယ့်နှုန်းထားအရရနိုင်မည်၊မရနိုင်မည်ကို ခန့်မှန်းရခက်မယ်လို့ အသိပေးခဲ့ပါတယ်။ပြည်ပနိုင်ငံရောက် မြန်မာလုပ်သားတွေရဲ့ငွေလွှဲပေးပို့မှုက ၈ နှစ်ကျော်အတွင်းအမေရိကန်ဒေါ်လာ ၆၁၅၂.၀၄၄ သန်းရှိခဲ့ပြီး
၂၀၁၄ ခုနှစ်မှ စတင်ပြီး မလေးရှား၊ ထိုင်း၊ စင်ကာပူနဲ့ အခြားနိုင်ငံဆိုပြီး ဗဟိုဘဏ်ရဲ့ ခွဲခြားပေးပို့ခဲ့တဲ့ စာရင်းတွေအရသိရှိရပါတယ်။
Source Hana Bank Myanmar Page