ဥရုချောင်းရေမြင့်တက်မှုကြောင့် ကချင်ပြည်နယ် လုံးခင်းကျေးရွာမှာ ရေကြီးမှုစတင်ဖြစ်ပေါ်နေ
ဖားကန့်ကျောက်စိမ်းမှော်ဒေသအား ဖြတ်သန်းစီးဆင်းနေသည့် ဥရုချောင်းရေမြင့်တက်လာမှုနှင့်အတူ လုံးခင်းကျေးရွာအတွင်းရှိ လမ်းမများပေါ်တွင် ယနေ့ ဇွန်လ ၂၂ ရက် ညနေပိုင်းအချိန်မှ စတင်၍ ရေကြီးရေလျှံမှု စတင်ဖြစ်ပေါ်နေကြောင်း ဒေသခံများမှ သိရသည်။
ဖားကန့်မြို့နယ် ကံဆီးဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ညနေအထိ ဥရုချောင်းရေ ၉ ပေခန့်အထိ ရောက်ရှိနေပြီးဖြစ်ကြောင်း လုံးခင်းကျေးရွာ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“အထက် ကံဆီးဘက်က မိုးများလို့ ဥရုချောင်းရေကြီးရင် လုံးခင်းက ရေမြုပ်တော့တာပဲ၊အခုလည်း တစ်နာရီကို တစ်ပေခွဲလောက်အထိ ရေကတက်နေတယ်”ဟု လုံးခင်းကျေးရွာဒေသခံ ဦးဇော်မိုးကပြောသည်။
ဥရုချောင်းရေတက်လာမှုနှင့်အတူ လုံးခင်းကျေးရွာအတွင်းရှိ လမ်းများတွင်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး၊ရပ်ကွက်(၄)အတွင်းရှိ နေအိမ်တချို့ ရေစတင် ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ယခုသတင်းရေးသားနေသည့် ညနေ ၆း၃၀ အချိန်အထိ ကံဆီး၊ဖားကန့်၊လုံးခင်းတွေ မိုးရွာသွန်းနေဆဲဖြစ်ပြီး ရေဆက်လက်တိုးလာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ပြောကြားနေကြသည်။
ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ခြင်း၊ရွှေမျောတိုက်ခြင်း၊စွန့်ပစ်အမှိုက်များအား ဥရုချောင်းအတွင်း စွန့်ပစ်ခြင်း၊ချောင်းရှင်းလင်းမှုများအား စနစ်တကျလုပ်ဆောင်မှု အားနည်းခြင်းတို့ကြောင့် နှစ်စဥ်ရေကြီး၊ရေလျှံမှုဒါဏ်ကို ခံစားနေရပြီး၊မိုးရာသီကာလများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ နှစ်စဥ်ပြုလုပ်နေရကြောင်း ဒေသန္တရမှတ်တမ်းများအရ သိရသည်။
ဖားကန့်ကျောက်စိမ်းမှော်ရှိ ဥရုချောင်းသည်ချင်းတွင်းမြစ်ရဲ့အဓိက မြစ်လက်တက်ဖြစ်ပြီး ဖားကန့်မြို့နယ် ကံစီးဒေသကနေ မြစ်ဖျားခံကာ လုံးခင်း၊ ဖားကန့်ရတနာမြေမှာ မိုင်ပေါင်း ၅၄ မိုင်ဖြတ်သန်းစီးဆင်းလာခဲ့ခြင်းဖြစ်သည်။
Photo- CJ