တစ်ခါတုန်း ကုန်သည်ရွာကြီးတစ်ရွာမှာပေါ့။ ကုန်သည်ကြီး တစ်ယောက်ဟာ အသက်အရွယ်လေးရလာတဲ့အခါမှာ သူကိုယ်တိုင် ဦးစီးဦးရွက်ပြုပြီး ကုန်မရောင်းတော့ဘူးတဲ့။
ကုန်လှယ်တဲ့နေရာမှာ ကြုံတွေ့ရတတ်တဲ့ သဘော၊ သဘောဝ၊ ရေမြေဒေသအကြောင်းကို ပြောပြီး သားဖြစ်သူကိုသာ ကုန်ရောင်းကုန်ဝယ်လွှတ်သတဲ့။ သားဖြစ်သူဟာ အသက် ၂၀ အရွယ်မှာပဲ ရှိသေးပေမယ့် ထက်မြက်တဲ့သူ တစ်ယောက်တဲ့။
ယောက်ျားကောင်း ပီသတဲ့အပြင် လိမ္မာပါးနပ်မှုရှိတဲ့သားကြောင့် ကုန်ရောင်းကုန်ဝယ်ဟာ အမြဲတမ်းအဆင်ပြေသတဲ့။ငယ်ရွယ်တဲ့သားဖြစ်သူဟာ အဲဒီလို အောင်မြင်မှုတွေ အပေါ်မှာ ကျေနပ်ပျော်ရွှင်နေတယ်။
သူဘာလုပ်လုပ် အောင်မြင်မယ်လို့ တွေးထားတာပေါ့။တနေ့ကျတော့ သားဟာ သူ့ပစ္စည်းတွေကို တခြားရွာတွေကို သဘော််နဲ့ လှည့်လည် ရောင်းချရင်း လမ်းမှာ လေမုန်တိုင်းနဲ့တိုးသတဲ့။ သူ့ရောင်းဖို့ ပါ သွားတဲ့ ပစ္စည်းတွေဟာ ဆုံးရှုံးသွားသလို တခြားမြို့ရွာကနေ ပြန်သယ်လာတဲ့
အထည်အလိပ်တွေကလည်း ပျက်စီး ဆုံးရှုံးသွားတယ်တဲ့။ သူ့ဘဝမှာ ပထမဆုံး အကြိမ်ကြုံရတဲ့ ဆုံးရှုံးမှုဖြစ်တာကြောင့် သားငယ်ဟာ ဘယ်လိုမှကို ဖြေမဆည်နိုင်ဘူးတဲ့။
အိမ်ကို ပြန်ရောက်တော့လည်း အဲဒီအကြောင်းတွေကို တွေးပြီး တမှိုင်မှိုင် တတွေတွေလုပ်နေတာပေါ့။နောက်ထပ် ကုန်ရောင်းထွက်ဖို့ကိုလည်း ကြောက်ရွှံ့ထိတ်လန့်နေတာပေါ့။ ခေါင်းဆောင်က အဲဒီလိုဖြစ်နေတော့ လှေထိုးသားတွေလည်း ငြိမ်နေရတာပေါ့။
ဒါပေမယ့် သူတို့ကလည်း ကုန်သည် လှေမထွက်ရင် ပိုက်ဆံမရတော့ မိသားစု စားဝတ်နေရေးးအတွက် အခက်အခဲတွေရှိလာတယ်
ဒီတော့ သူတို့ဟာ ကုန်သည်ဦးကြီးကို အဲဒီအ ကြောင်းပြောပြပြီး သူတို့ကုန်ထပ်ကူးဖို့ ကုန်သည်လေးကို ပြောပေးပါဆိုသတဲ့။ ဒီအချိန်ဟာ ပွဲလမ်း သဘင်တွေ လုပ်ကြတဲ့အချိန်ဆိုတော့ တကယ့်ကို ကုန်ရောင်းလို့ကောင်းမယ့်အချိန်ပဲလေ။
ဒါကိုသိတော့ ကုန်သည်ဦးကြီးက စိတ်မပူဖို့ပြောပြီး သူ့သားကို သူ့ဆီကို အလာခိုင်းသ တဲ့။ သူ့သားလည်း ရောက်လာရော သားကိုခေါ်ပြီးတော့ ကုန်သည်ကြီးဟာ အိမ်ရှေ့က ပန်းခြံထဲကို သွားသတဲ့။
အရိပ်ကောင်းတဲ့ သစ် ပင်တစ်ပင်အောက်မှာ သူကထိုင်နေပြီး သားဖြစ်သူကိုတော့ ဖန်ခွက်အလွတ်လေးတစ်ခုနဲ့ ပိတုန်းကောင်လေး တစ်ကောင်ကို ရှာခိုင်းသတဲ့။သားလုပ်တဲ့သူပြန်ရောက်လာတော့ ဖန်ခွက်ထဲကို ခုနက ပိုးကောင်လေးကိုထည့်ပြီးစောင့်ကြည့်ခိုင်းထားသတဲ့။
အဲဒီပိတုန်းလေးဟာ ဖန် ခွက်ရဲ့ အောက်ခြေမှာပဲ တဝီဝီနဲ့ ဟိုဟိုဒီဒီလှည့်ပတ်နေတယ်တဲ့။ဖန်ခွက်လေး အပေါ်မှာ သူထွက်ဖို့ အပေါက်ရှိနေပေမယ့် သူဟာ အပေါ်ကို ပျံဖို့ မကြိုးစားဘူး။
အောက်ခြေက အပိတ်နေရာမှာပဲ အားကြိုးမာန်တက်နဲ့ လှည့်ပတ်သွားလာနေသတဲ့။ ဒါကို မြင်တော့ အဖေလုပ်သူက“ငါ့သား…ဒီအကောင်လေးဟာ ပျံသန်းနိုင်တဲ့ အကောင်ဟုတ်တယ်မလား။
အခု ဘာလို့ မပျံသလဲ”“သူအပေါ်ကို မော့မကြည့်လို့ပေါ့ အ ဖေ”“အေး…ဟုတ်တယ်သား။ သူဟာ ထွက်ပေါက်ရှိရာကို မမော့ကြည့်ဘူး။ သူရောက်နေတဲ့ နေရာနားလေးမှာပဲ ထွက်ပေါက်ရှာနေတာ။ အဲဒီအချိန်အပေါ်ကိုသာ သူကြည့်မယ်ဆိုရင် သူ ဒီဖန်ခွက်ရဲ့ အပြင်ကို ထွက်သွားနိုင်မှာပါ။
”ငါ့သား သိမ်းငှက်ကို မြင်ဖူးလား”“ဟုတ်ကဲ့အ ဖေ။ မြင်ဖူးပါတယ်။”“ဟုတ်ပြီ သား။ သူတို့သဘာဝကိုသိလား”“ပျံသန်းနိုင်တယ်။ ရဲရင့်တယ်။
သူသုတ်မယ့် သားကောင်ကို ဘယ် တော့မှ လက်လွတ်မခံဘူး၊ ဟုတ်တယ်မလား အဖေ” လို့ သားဖြစ်သူက ချက်ခြင်းပြန်ဖြေသတဲ့။“အဲဒီသိမ်းငှက်ကို ထိပ်အဝဖွင့်ထားတဲ့ ခပ်နိမ့်နိမ့် ခြံထဲမှာ ထည့်ထားရင် ဘာဖြစ်မယ်ထင်လဲသား။” လို့ သူ့သားကို ပြန်မေးတော့ သားက “ပြန်ထွက်သွားမှာပေါ့ အဖေရဲ့” လို့ ပြန်ပြောသတဲ့။ ဒီအခါမှာ အဖေက ခေါင်းခါပြပြီး“မဟုတ်ဘူးသား။
သူဟာ အဲဒီခြံထဲမှာ အကျဉ်းသားလိုပဲ တစ်သက်လုံး နေသွားတယ်” လို့ပြန်ပြောသတဲ့။ ဒါကို သားလုပ်တဲ့သူက ကြားတော့ အံ့သြသင့်သွားတာပေါ့။ ဘယ်နှယ့်။
အမြင့်ပျံတဲ့ ငှက်က မပိတ်ထားတဲ့ ခြံထဲမှာ ဘယ်လိုလုပ်ပြီး နေနိုင်မလဲ။ မဖြစ်နိုင်တာချည်းလေ။သားဖြစ်သူရဲ့ မယုံမကြည်ဟန်ကို သတိထားမိတဲ့ အဖေက“အဲဒါ ဘာဖြစ်လို့လဲဆိုတော့ သိမ်းငှက်တွေက ပျံသန်းခါနီးရင် အရှိန်ယူတတ်တယ်သား
သူတို့ဟာ မြေပြင်မှာ ၁၀ ပေ၊ ၁၂ ပေလောက် ပြေးပြီးတော့မှ အမြင့်ကို တရှိန်ထိုး ထိုးတတ်သွားတာလေ။အခုလိုမျိုး သူတို့ ပြေးဖို့ နေရာကျယ်ကျယ်လည်း မရှိတော့ရော သူတို့စိတ်ထဲ “သွားပြီ” ဆိုတဲ့အတွေးနဲ့ ခြံထဲမှာပဲ နေသွားရော” “သား အဖေပြောတာတွေကို သဘော ပေါက်ရဲ့လား”အခုနက စိတ်ဓါတ်အကြီးအကျယ်ကျပြီး လောကကြီးကို စိတ်ကုန်နေတဲ့သားဖြစ်သူရဲ့ မျက်နှာဟာ ပြန်ပြီးတော့ ရွှင်လန်းလာတယ်။
မျှော်လင့်ချက်တွေ ပြန်စီးဆင်းလာတော့ သူ့မျက်နှာလေးဟာ ပိုပြီးတော့တောင် နီရဲလာတယ်လို့ ထင်လိုက်ရတယ်တဲ့။
ဒါကိုမြင်တော့ အဖေလုပ်သူလည်း ပျော်သွားတာပေါ့။“နောက်ထပ် သားသိအောင်တော့ အကောင်လေး ၁ ကောင်ကို ပြောပြဦးမယ်။ သားကြားဖူးလား။ လင်းနို့လေ”“ဟုတ်ကဲ့။
ညဘက်တွေမှာ ထွက်တဲ့ အကောင်မလားဖေဖေ။”“အင်း ဟုတ်တယ်သား။ သူဟာ ညဘက်တွေမှာ ဆိုရင် လေထဲမှာ ပေါ့ပါးသွက်လက်စွာနဲ့ ပျံသန်းနိုင်တယ်။ ဘယ်အပေါက်က ဝင်ရမယ်၊ ဘယ်လိုနေရာမှာ နားရမယ်ဆိုတာကို သူတို့သိကြတယ်။
ဒါပေမယ့် သားရေ…အဲဒီလင်းနို့လေးကို ကြမ်းပြင်ပေါ်မှာ၊ မြေကြီးပေါ်မှာသာ ချထားကြည့်။ ဘာလုပ်တယ်ထင်လဲ” ဆိုပြီး သားဖြစ်သူကို ပြန်ပြီး မေး ခွန်း ထုတ်တာပေါ့။သားလုပ်တဲ့သူကလည်း ရှေ့တုန်းက ငှက်ဥပမာတွေကို သိထားတော့ ပျံမှာပေါ့ အဖေရဲ့ လို့ချက်ခြင်း ပြန်မပြောတော့ဘူး။
စဉ်းစားရတောပါ့။ဒါကို အဖေက“သူတို့တွေက မြေကြီးမှာ ယိုင်ယိုင်လဲလဲနဲ့ လမ်းလျှောက်နေတယ်သားရဲ့။ မျှော်လင့်ချက်မဲ့တဲ့ ပုံစံမျိုးနဲ့
လျှပ်တိုက်လျှောက်တော့တာပဲ သားရေ။ နာကျင်ပေမယ့်လည်း သူတို့ဟာ ပျံဖို့ကို လုံး၀ မကြိုးစားတော့ဘူး။တကယ်တော့ သားရေ သူတို့ဟာ ပျံသန်းဖို့ အမြင့်ကို လိုတယ်။
နည်းနည်းလေးမြင့်တဲ့နေရာကို ရောက်ပြီ ဆိုရင်တော့ သူတို့ဟာ အားမာန်အပြည့်ဖြစ်သွားရောတဲ့။အဲဒီအမြင့်နေရာကနေ သူတို့ဟာ ကိုယ့်ကိုယ်ကို ပစ်ထိုက်လိုက်သလိုမျိုး အရှိန်ယူပြီးတော့ အပေါ်ကို ပျံတက်သွားတာ အလံလေးတွေ လေမှာ လွင့်နေသလိုပဲ သားရဲ့”သားဖြစ်သူဟာ ငြိမ်ပြီးတော့စဉ်းစားနေတယ်။
ဒီအခါမှာ အဖက ငါ့သားပိတုန်းကောင်ကို ဖန်ခွက်ထဲမှာ ထည့်ထားရင်သူဟာ သေတဲ့အထိ အဲဒီအထဲမှာပဲအမျိုးမျိုးအသံပြုရင်းနဲ့ပဲ သေသွားလိမ့်မယ်။အပေါ်မှာရှိနေတဲ့ထွက်ပေါက်ကို ဘယ်တော့မှ မော့မကြည့်ဘူး။
သူ့အတွက်အကျိုးမရှိတဲ့အရပ်မှာပဲ ဆက်ပြီးနေနေတဲ့အတွက် သူ့ကိုယ်ရဲ့ ပျက်စီးရာ ပျက်စီးကြောင်းကို သူကိုယ်တိုင်ပဲဖန်တီးရာရောက်တယ်။အားကြီးပါတယ် ဆိုတဲ့ သိမ်းငှက်ဟာလည်စခြံထဲကို ထည့်ထားလိုက်ရင်ဘယ်တော့မှ ပျံဖို့မကြိုးစားတော့ဘူး။ အဲဒီလိုပဲ အမှောင်မှာတောင်ကျွမ်းကျင်တဲ့ဆိုတဲ့ လင်းနို့ ဟာမြေပြင်ရောက်သွားရင်
သူ့စိတ်ကို သူလျော့ချလိုက်တော့ အပျံမတတ်ဖြစ်သွားတတ်တယ်”“ငါ့သား…အဖေတို့ပတ်ဝန်းကျင်မှာ သိမ်းငှက်လိုလူတွေ၊ ပိတုန်းလိုလူတွေ၊ လင်းနို့လိုလူတွေရှိတယ်။
သူတို့တွေဟာ တော်ကြတယ်။ ထက်မြက်ကြတယ်။ လုပ်ရည်ကိုင်ရည် ရှိကြတယ်။အဲ..ဒါပေမယ့် အကြောင်းတခုခုကြောင့် အကျဉ်းအကျပ်ထဲကို ရောက်သွားရင် တော့ သူတို့ကိုယ်သူတို့ အားလျော့ပစ်လိုက်ကြတယ်။ သူတို့ပတ်ဝန်းကျင်မှာ သူတို့လွတ်မြောက်ဖို့ နည်းလမ်းကောင်းတွေ ရှိတယ် ဆိုတာကို မေ့လျော့သွားကြတယ်။
ငါ့သား အခုလုပ်နေတဲ့ အလုပ်ဟာ သဘာ၀ အန္တရာယ်ကြောင့် အချိန်မရွေးဆုံးရှုံးမှုဖြစ်နိုင်တာကို ငါ့သားလက်ခံထားရမယ်။ တကယ်တော့ ငါ့သားရယ် အခုအချိန်မှာ ငါ့သားအတွက် ကျဆုံးတဲ့အချိန်ဖြစ်ပေမယ့် အားတင်းပြီး ဆက်လျှောက်လိုက်ပါ။မကြာခင်မှာ ငါ့သားအရှိန်ယူလို့ရမယ့်၊ ပြန်လည်ထူထောင်နိုင်မယ့်အချိန်ကို ရောက်လာမှာပါ” လို့ပြောလိုက်သတဲ့။အဖေလုပ်သူက သာဓကတွေနဲ့ ဆုံးမလိုက်တော့
သားဖြစ်သူဟာ သူအရင်က ပျော့ညံ့နေတဲ့စိတ်ကို ဘယ်လိုပြောင်းလဲရမလဲဆိုတာကို သိသွားတာပေါ့။ဒီလိုနဲ့ နောက်တစ်ပတ်လောက်အကြာမှာပဲ လုပ်သားအင်အားဖြည့်စွက်ပြီးတော့ ရွှင်လန်းတက်ကြွစွာနဲ့ ကုန်ရောင်းပြန်ထွက်သွား သတဲ့။ စိတ်အားငယ်တဲ့အခါမျိုးဆိုရင် ကိုယ့်ကိုယ်ကို ဒီလိုလေး ပြန်မေးမိတယ်။“ငါဟာ လင်းနို့လား”“သိမ်းငှက်လား”“ပိတုန်းလား”
Credit: နှင်းနုလွင်