ဝမ်းလျှောတယ် ဆိုတာ ယေဘုယျ အားဖြင့် ပျော့ပျောင်းတဲ့ အရည်ကြည် ဝမ်းတွေ သွားနေပြီး မကြာခဏ ဝမ်းသွားနေတဲ့ အခြေအနေကို ခေါ်ပါတယ်
ဝမ်းလျှောတာက အများအားဖြင့် နှစ်ရက် လောက်ပဲ ကြာပေမယ့် ကြာရှည် ဝမ်းသွားတဲ့ အခြေအနေဆိုရင် နှစ်ရက်ကျော် ကြာတဲ့အထိ ဝမ်းသွား တတ်ပါတယ်။
ဒီအခြေအနေမျိုးမှာ ရေဓာတ်ခမ်းခြောက်မှု ဖြစ်တတ် ပါတယ်။ ဝမ်းပျက် ဝမ်းလျှောတာက ဘက်တီးရီးယားပိုး ဝင်တာ၊ ဗိုင်းရပ်စ်ပိုး ဝင်တာ၊ အစာနဲ့ မတည့်တာ၊ ကပ်ပါးပိုးတွေ ဝင်တာ၊ ဆေးနဲ့ မတည့်တာနဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။
ဝမ်းပျက်တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေက ဗိုက်အောင့်တာ၊ လေထတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ အိမ်သာကို အလောတကြီး သွားချင်စိတ် ပေါ်တာ စတာတွေ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဝမ်းပျက်ပါစေ၊ ဝမ်းပျက် ဝမ်းလျှောနေချိန်မှာ ဆောင်သင့်၊ ရှောင်သင့်တဲ့ အချက်တွေကို သိနားလည်ထားဖို့ လိုပါတယ်။
ရေနှင့် ဓာတ်ဆားသောက်ပါ – ဝမ်းပျက်ဝမ်းလျှောတာကို ကုသဖို့ အကောင်းဆုံးနည်းက ရေနဲ့ အရည်များများ သောက်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဝမ်းလျှောတာကြောင့် ခန္ဓာကိုယ်က အရည်ဆုံးရှုံးမှု များတဲ့အတွက် ရေများများ ပြန်သောက်ပေးသင့်တာ ဖြစ်ပါတယ်။
အကောင်းဆုံးကတော့ ရေနဲ့အတူ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကိုပါ ပြန်လည်ဖြည့်တင်းနိုင်ဖို့ ဓာတ်ဆားထုပ်ကို သတ်မှတ်ထားတဲ့ အချိုးအဆအတိုင်း ရေနဲ့ဖျော်ပြီး သောက်ပေးရမှာ ဖြစ်ပါတယ်။
ရေသောက်ရာမှာ ရေသန့်ကို သောက်ပေးရမှာ ဖြစ်ပြီး ရေမသန့်ဘူး ထင်ရင် ကျိုချက်ပြီး သောက်ပါ။
နို့နှင့် နို့ထွက်ပစ္စည်းများ ရှောင်ပါ -ဝမ်းလျှော နေချိန်မှာ နို့ကို ချေဖျက်ဖို့ လိုအပ်တဲ့ အင်ဇိုင်း (lactase) ထောက်ပံ့မှု လျော့ကျ သွားတာကြောင့် နို့နဲ့ နို့ထွက် ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။
နို့ကို ကောင်းကောင်း မချေဖျက်နိုင်တာကြောင့် ပိုပြီး ဝမ်းလျှောတာနဲ့ လေထတာတို့ ဖြစ်နိုင်ခြေ များပါတယ်။
ဆီကြော်စာ၊ ဟင်းခတ် အမွှေးအကြိုင် ကဲသော အစားအသောက် တို့ကို ရှောင်ပါ- ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ အဆီအအိမ့်များတဲ့ အစာ၊ ဆီကြော်စာ၊ အမျှင်ဓာတ်များတဲ့ အစာနဲ့ ဟင်းခတ် အမွှေးအကြိုင်ကဲတဲ့ အစားအသောက်တို့ကို ရှောင်သင့်ပါတယ်။
သတ္တုဓာတ် ပါဝင်သော အစားအသောက်များ စားပါ – တချို့ သတ္တုဓာတ်နဲ့ အာဟာရ ဓာတ်တို့ ပါတဲ့ အစားအသောက်တွေကို စားပေးရင် အူလမ်းကြောင်း တစ်လျှောက် အစာဖြတ်သန်းမှု နှေးစေပြီး ဝမ်းပျက် ဝမ်းလျှော ဖြစ်တာကို သက်သာစေပါတယ်။
ဥပမာ- ဆန်ပြုတ် ပျော့ပျော့၊ ငှက်ပျောသီး၊ ပေါင်မုန့်နဲ့ စွပ်ပြုတ်စတဲ့ အစာတွေကို စားပေးသင့်ပါတယ်။
အဆီနည်းသော ဒိန်ချဉ် အသင့်အတင့် သောက်ပါ – ဝမ်းလျှောချိန်မှာ ဒိန်ချဉ် သောက်ရင် အစာခြေ အူလမ်းကြောင်း တစ်လျှောက်မှာ အစာကြေညက်စေတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ရရှိစေတာကြောင့် ဝမ်းပျက် ဝမ်းလျှောတာကို သက်သာစေပါတယ်။
ချင်းလက်ဖက်ရည် သောက်ပါ -ချင်းလက်ဖက်ရည် သောက်တာက ဗိုက်အောင့်တာနဲ့ လေပွတာကို သက်သာ စေပါတယ်။ မုန်လာဥနီဖျော်ရည်နဲ့ တလည်း သီးဖျော်ရည် သောက်တာကြောင့်လည်း ဝမ်းအရည်သွားတာကို သက်သာစေပါတယ်။
ကဖင်းနှင့် အယ်လ်ကိုဟော ရှောင်ပါ – ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် အပြင် အရက်ကိုလည်း ရှောင်သင့်ပါတယ်။
ဆန်ပြုတ် ပူပူ သောက်ပါ ဆန်လုံးညိုကို ရေနဲ့ ၄၅ မိနစ်ခန့်ပြုတ်ပြီး သောက်တာက ဝမ်းပျက် ဝမ်းလျှောရောဂါကို သက်သာအောင် ကုသ ပေးနိုင်ပါတယ်။ ဆန်လုံးညိုမှာ ဗီတာမင် ဘီ အုပ်စု ပါဝင်ပါတယ်။
ဗီတာမင်စီ ပါသော အစားအသောက်ကို ရှောင်ပါ – ဝမ်းလျှောနေချိန်မှာ ဗီတာမင်စီ ပါတဲ့အစားအသောက်ကို အလွန်အမင်း စားတာကြောင့် ဝမ်းပျက်ဝမ်းလျှောကို ပိုဆိုး စေနိုင်ပါတယ်။
ပျားရည် သောက်ပါ – ပျားရည် ထမင်းစားဇွန်း လေးဇွန်းနဲ့ ရေတစ်ခွက် ရောသောက်ပေးရင် ဝမ်းပျက် ဝမ်းလျှောတာ သက်သာ သွားပါတယ်။Credit – ဇွန်ခိုင်ဦး (ဆေးဝါး တက္ကသိုလ်)
Zawgyi ဖြင့်ဖတ်ပါ