အကြံကောင်းရင် ခြေတစ်လှမ်းသာတယ်

အကြံကောင်းရင် ခြေတစ်လှမ်းသာတယ်

တစ်ခါတုန်းက ရွာတစ်ရွာမှ သူဌေးကြီးတစ်ဦးဟာ သူ့ ရွာက လူငယ်ရွာသားလေးတွေထဲမှာ ဉာဏ်ရည်ထက်မြက်သူ ဘယ်လောက်ရှိသလဲ စမ်းသပ်ဖို့အတွက် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်လိုက်တယ်..။

 

အစီအစဉ်အရ ရွာလယ်မြေကွက်လပ်ကြီးမှာ ဝါးလုံးတိုင် တစ်တိုင်ထူပြီးဝါးလုံးဖျားမှာ အဖိုးတန်ပစ္စည်းတွေချိတ်ဆွဲထားလိုက်တယ်။ ပြီးတော့ ရွာထဲက လူငယ်တွေကို ခေါ်လိုက်ပြီး..။” ကိုင်း..ငါ့လူတို့..ဒီဝါးလုံးတိုင်ပေါ်ကို ဖက်လည်းမတက်ရဘူး..လှဲလည်းမလှဲရဘူး..

 

 

မင်းတို့နည်း မင်းတို့ဟန်နဲ့ ဝါးလုံးဖျားမှာချိတ်ထားတဲ့ အဖိုးတန်ပစ္စည်းတွေကို ရအောင်ယူကြပေတော့..” လို့…သူဌေးကြီးက ပြောလိုက်ပါတယ်။ရွာထဲကလူငယ်တွေ စုရုံးရောက်ရှိလာကြပြီး ဝါးလုံးတိုင်ထိပ်က ပစ္စည်းတွေကို ဘယ်လိုယူရမလဲ ကြံဆကြတာပေါ့..။

 

ဒါပေမယ့် တိုင်ကိုလည်းဖက်မတက်ရ ၊ လှဲလည်းမယူရ ဆိုတော့ အကြံအိုက်ကုန်ကြပါတယ်။အဲ့ဒီအချိန် မောင်ဉာဏဆိုသူ လူငယ်တစ်ယောက်ရောက်လာပြီး သူဌေးကြီးကိုမေးတယ်..” သူဌေးမင်း..တိုင်ပေါ် ဖက်လည်းမတက်ဘူး..လှဲလည်းမလှဲဘူး

 

 

ဒါပေမယ့် တိုင်ကိုတော့ ချွတ်ခွင့်ပြု နိုင်မလား..”သူဌေးကြီးက လူငယ်ရဲ့စကားကြောင့် ခဏတော့ အံ့သြမှင်သက်သွားတယ်…ပြီးတော့မှ..” ရပါတယ်…တိုင်ကိုချွတ်ချင်တော့ ချွတ်ပါ..ဒါပေမယ့်လှဲချ ယူလို့တော့မဖြစ်ဖူးနော်..

 

 

ချွတ်ပြီးရင်လည်း ဒီအတိုင်းထောင်လျက်အနေအထားကနေဘဲ ရအောင်ယူရမယ် “လို့ပြောတယ်။မောင်ဉာဏလည်း ဝမ်းသာအားရနဲ့ ဝါးလုံးတိုင်ကိုချွတ်ယူလိုက်တယ်။ ပြီးတော့ ထောင်လျက်အတိုင်းပဲ သယ် , မထုတ်လိုက်ပြီး မလှမ်း မကမ်းကရေတွင်းဆီ

 

 

အပြေးအလွှားယူသွားတယ်။ ပြီးတော့ ဝါးလုံးကို ရေတွင်းထဲ ဖြည်းဖြည်းချင်းချ လိုက်ပြီးမှ ဝါးလုံးဖျားကို မှီလောက်တဲ့အခါ အဖျားမှာချိတ်ဆွဲထားတဲ့ ပစ္စည်းတွေကို တစ်ခုစီ ဖြု တ်ယူလိုက်လိုက်ပါတော့တယ်။

 

သူဌေးကြီးနဲ့ တချို့သောလူငယ်တွေက မောင်ဉာဏရဲ့ဉာဏ်သွားပုံကို လက်ခုပ်လက်ဝါးတီး အသိအမှတ်ပြု ကြပေမယ့်..

 

တစ်ချို့သောလူငယ်တွေက” ဒါ ဘာဆန်းလို့လဲ..သူလုပ်ပြတာ အထင်ကြီးစရာ မရှိပါဘူးလေ..အစထဲကဝါးလုံးကို အဲ့လို နှုတ်ယူသွားလို့ရတယ်ပြောရင် ငါတို့လဲလုပ်လို့ရတာပေါ့ “ဆိုပြီး ပြောဆိုကြပါတယ် ။

 

ဒီစကားကိုကြားတဲ့ သူဌေးကြီးက ထိုလူတစ်စုကို အောက်ပါအတိုင်း ပြောလိုက်ပါတော့တယ်..။” ဒီမှာ..မောင်ရင်တို့..သူများ ဒါလုပ်လို့ဖြစ်တယ်ဆိုတော့မှ..ငါလည်းလုပ်နိုင်တာပေါ့ ဆိုကတည်းက မောင်ရင်တို့ဟာ ဦးဆောင်သူ မဟုတ်တော့ဘူး..

 

 

နောက်လိုက်တွေပဲဖြစ်တယ်..နောက်လိုက်မှ ဖြောင့်ဖြောင့်လိုက်တဲ့သူတွေမဟုတ်ဖူး ။ ကန့်လန့်တိုက်သူတွေပဲ ဖြစ်တယ် ။ ပြီးတော့အစထဲက သူ့လို မောင်ရင်တို့ အမေးအစမ်းရှိခဲ့လို့လား..သူက ဖြစ်နိုင်တဲ့နည်းလမ်းကိုအရင်ကြံဆကြည့်ပြီး ဝါးလုံးကို နှု တ်ယူလို့ရလားမေးတယ်..

 

ရတယ်ဆိုတော့မှ သူကြံထားတဲ့ နည်းလမ်းအတိုင်း သတ်မှတ်ထားတဲ့ စည်းကမ်းဘောင်ထဲက ရအောင်ယူသွားတယ်။

 

သူ့လို စိတ်ကူးစိတ်မှန်းမရှိလို့ ကိုယ်မလုပ်ခဲ့နိုင်ရင်လည်း သူလုပ်ပြသွားတာကို ကောင်းမွန်စွာကြည့်..နည်းနာယူကြပြီး နောက်လိုက်ကောင်းဖြစ်အောင် ကျင့်ကြံကြပါလားကွယ်..

 

သူ့ကို ရှုံ့ချပြီး ကန့်လန့်တိုက်စကားပြောတယ်ဆိုတာကတော့ကိုယ့်ရဲ့ ယုတ်မာစိတ်ကို လူသိအောင် ချပြသလိုဖြစ်နေတော့မှာပေါ့..ရှက်စိတ်က လေးတော့ ရှိကြပါကွယ် လို့ ပြောဆိုလိုက်သတဲ့..။ “

Credit: ဖိုးစိန်လေး

Leave a Comment