အသိဥာဏ်ကို လွှာသုံးပြီး ဖြေရှင်းပါ

သားသုံးယောက်ရဲ့ ဖခင်ကြီးဖြစ်သူဟာ ကုလားအုတ်(၁၇)ကောင် ပိုင်ဆိုင်သူဖြစ်ပါတယ်။ ဖခင်ကြီးသေဆုံးသွားတဲ့အချိန်မှာ သူပိုင်ဆိုင်တဲ့ ကုလားအုတ်တွေကို သား(၃)ယောက်ကို ခွဲဝေပေးဖို့ သေတမ်းစာ ရေးထားခဲ့တယ်။

 

သေတမ်းစာထဲမှာ သားကြီးက ပိုင်ဆိုင်သမျှ ကုလား အုတ်ရဲ့ ထက်ဝက် နှစ်ပုံတစ်ပုံကို ယူပါ။ သားလတ်ကတော့ ပိုင်ဆိုင်သမျှ ကုလားအုတ်ရဲ့ သုံးပုံတစ်ပုံကို ယူပါ။

 

 

သားထွေးကတော့ ပိုင်ဆိုင်သမျှ ကုလားအုတ်ရဲ့ ကိုးပုံတစ်ပုံကို ယူပါ.. ဆိုပြီး ရေးထားခဲ့တယ်။အဲ့ဒီမှာ စတာဘဲ။ ၁၇ကောင်ဆိုတဲ့ “မ”ဂဏန်း အရေအတွက်နဲ့ ကုလား အုတ်တွေကို သားကြီးအတွက် ထက်ဝက်တိတိ ခွဲပေးဖို့ဆိုတာ

 

 

 

 

ဘယ်လိုမှ မဖြစ်နိုင်ဖူးဖြစ်နေတော့ ညီအစ်ကို (၃)ယောက် အဖေသေလို့မှ မကြာသေးဘူး အမွေခွဲဝေဖို့ ခိုက်ရန်ဖြစ်နေကြရတော့တာပေါ့။နောက်ဆုံးတော့ သုံးယောက်သား ဆုံးဖြတ်ချက်ချပြီး

 

 

ဉာဏ်ပညာရှိတဲ့ ရွာလူကြီးအိမ်ကို ကုလားအုတ်(၁၇)ကောင်ကို အသီးသီးဆွဲခေါ်လို့ ရောက်လာခဲ့ကြတယ်။ သုံးယောက်လုံးက ရွာလူကြီးကို အဖြစ်အ ပျက် ကို ပြောပြတယ်။

 

 

 

 

သူတို့စကား နားထောင်အပြီးမှာ ရွာလူကြီးက အခုလို စီမံပေးလိုက်တယ်။ရွာလူကြီးက သူ့မှာရှိတဲ့ ကုလားအုတ်(၁) ကောင်ကို ယူလာပြီး (၁၇)ကောင်ထဲ ရောထည့်လိုက်တယ်။

 

ဒါနဲ့ (၁၈)ကောင်ဖြစ် သွားတယ်။ အဲ့ဒီအချိန်မှာ သေတမ်းစာအရ သားကြီးကို ကုလားအုတ်အားလုံးရဲ့ ထက်ဝက် ပေးရမယ်ဆိုတော့ (၁၈)ကောင်ရဲ့ထက်ဝက် (၉)ကောင်ကို ပေးလိုက်တယ်။ (၉)ကောင်ပဲ ကျန်တော့တယ်။

 

 

 

 

အဲ့ဒီနောက် သားလတ်ကို ကုလားအုတ်အားလုံးရဲ့ (၃ပုံ၁ပုံ)ပေးရမယ်ဆိုတော့ (၁၈)ကောင်ရဲ့ ၃ပုံ၁ပုံဖြစ်တဲ့ (၆)ကောင်ကို သားလတ်ကို ယူစေတယ်။ ရှိနေတဲ့ (၉)ကောင်ထဲက (၆)ကောင်ပေးလိုက်တော့ လက်ကျန် (၃)ကောင်ပဲ ကျန်တော့တယ်။

 

 

နောက်ဆုံး သားထွေးက သေတမ်းစာအရ ကုလားအုတ်အားလုံးရဲ့ (၉ပုံ၁ပုံ)ပေးရမယ်ဆိုတော့၉ပုံ၁ပုံဖြစ်တဲ့ (၂)ကောင်ကို သားထွေးကို ယူစေတယ်။ လက်ကျန် (၃)ကောင်ထဲက (၂)ကောင်ပေးလိုက်တော့ နောက်ဆုံး(၁)ကောင်ပဲ ကျန်တော့တယ်။ အဲ့ဒီကျန်တဲ့ (၁)ကောင်က ရွာလူကြီးရဲ့ကုလားအုတ်မှန်း မေးစရာမလိုပဲ သုံးယောက်သား သိလိုက်ကြတယ်။

 

 

 

အဲ့ဒီအခါမှာ ရွာလူကြီးက လက်ထဲ ခွဲတမ်းအသီးသီးရကြတဲ့ ကုလားအုတ်တွေကို သားသုံးယောက်ကို ရေတွက်စေတယ်။သားကြီးက (၉)ကောင် + သားလတ်က (၆)ကောင် + သားငယ်က (၂)ကောင် = စုစုပေါင်း (၁၇)ကောင် ကွက်တိဖြစ်နေတာကိုတွေ့ရလို့ ညီအစ်ကိုသုံးယောက်သား ဝမ်းသာသွားရတယ်။သေတမ်းစာအရ တိတိကျကျခွဲ ဝေပေးခဲ့တဲ့ ရွာလူကြီးကိုလဲကျေးဇူးတွေတင်လို့ပေါ့။

 

 

ဖတ်ဖူးခဲ့တဲ့ ကုလားအုတ် (၁၇)ကောင် ပုံပြင်လေးပါ။တော်တော်များများလဲ ဖတ်ထားဖူးမယ် ထင်ပါတယ်။ကျွန်မတို့ အချင်းချင်းကြားမှာ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ချဉ်းကပ်တဲ့အခါ၊ များသောအားဖြင့် ကျွန်မတို့က အလျဉ်လိုနေတတ်တယ်။

 

ကျွန်မတို့ ဇောကပ်နေတတ်တယ်။ တစ်ချိန်ထဲမှာပဲ ငါ့ဖို့၊ ငါ့အတွက်၊ ငါမှန်တယ်ဆိုတဲ့ ငါအစွဲကိုလည်း ဦးစားပေးမိတတ်ကြတယ်။ ပြင်ပက မြင်နေရတဲ့သူကတော့ ကျွန်မတို့ထက် အမှန်အမှားကို သက်တောင့်သက်သာနဲ့ ခွဲခြားမြင်တွေ့နေတတ်တယ်။

 

 

 

 

အဲ့ဒီအချိန်က ပြဿနာစက်ဝန်းထဲ ရောက်နေတဲ့ ကျွန်မတို့အတွက် အခက်အခဲဆုံးအချိန်ပါပဲ။ ပြဿနာရဲ့အဖြေကို ရှာကြည့်တဲ့အခါမှာ ပထမဦးဆုံး အရေးကြီးတာကတော့ ယုံကြည်မှုပါပဲ။

 

 

ထွက်လာမယ့် ရလဒ်၊ အဖြေအပေါ် ကျွန်မတို့ ယုံကြည်မှု ရှိနေဖို့တော့ လိုပါလိမ့်မယ်။ထွက်လာမယ့်ရလဒ်နဲ့ အဖြေအပေါ် စကတည်းက ကျွန်မတို့ ယုံကြည်မှု မရှိခဲ့ဖူးဆိုရင်တော့ ကျွန်မတို့တွေ ဘယ်တော့မှ မှန်ကန်တဲ့ရလဒ်နဲ့ တွေ့ဆုံခွင့်ရလိမ့်မှာ မဟုတ်ပါဘူး။

 

 

 

ကိုယ်တိုင် ပြဿနာတစ်ခုကို အဖြေရှာတိုင်းမှာ ကုလားအုတ်(၁၇)ကောင် ပုံပြင်လေးကို ကျွန်မသတိရမိသလို၊ အခြားသူတွေ ကိုယ်တိုင် ပြဿနာနဲ့ရင်ဆိုင်ရချိန်မှာလဲ ဒီပုံပြင်လေးရဲ့ အကျိုးသက်ရောက်မှုနဲ့ ချိန်ထိုးဆင်ခြင်မိပါတယ်။အထူးသဖြင့် ညီအစ် ကို(၃)ယောက်လို အခြေအနေမျိုးတွေမြင်ရတွေ့ရတိုင်းပေါ့။

လေးစားစွာဖြင့် Credit – မြသွေးနီ

Leave a Comment