တစ်သောင်းတန်ထက် လူတွေ သိပ်သတိမထားမိတဲ့ ငါးထောင်တန် အတုများ ပိုမိုသုံးစွဲလာ
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ကျပ် ၅၀၀၀ တန် ငွေအတုများကို သုံးစွဲလာသည့်ကို တွေ့ရှိလာရကြောင်း ရန်ကုန် မြို့နေထိုင်သူများထံမှ သိရပါတယ်။
“မနေ့က (အောက်တိုဘာ ၁၄ ရက်) မှ သတိထားမိတာပါ။ မနေ့က လမ်းထဲက အန်တီက အမေ့ဆီက ငွေခဏချေးထားပြီး မနေ့က ညနေဘက် လာပေးတာပါ။ ညပိုင်းဈေးဝယ်ဖို့ သုံးကြည့်တော့ အဲဒီဈေးဆိုင်ကပြောမှ သတိထားမိတာပါ” ဟု တောင်ဒဂုံမြို့နယ်နေ လူငယ်အမျိုးသမီး တစ်ဦးက ပြောပါတယ်။
“၅၀၀၀ တန်အတုက ထူထူလေးပါ အစစ်နဲ့ အတော်လေး ကွာခြားပါတယ်။ ဒီတိုင်းဆိုရင်တော့ သတိမထားမိတတ်ဘူး။ အဲဒီ ငွေသား အတု ၅၀၀၀ တန်ရဲ့ ငွေကြိုးလေးမှာ ၁၀၀၀ လို့ ရေးထားတယ်။ အစစ်ဆို ငွေကြိုးမှာ ၅၀၀၀ ပဲ ရေးထားတာပါ” ဟု အဆိုပါ အမျိုးသမီးက ပြောပြသည်။
အဆိုပါ ကျပ် ၅၀၀၀ တန် ငွေအတုကို ချေးငွေ ထုတ်ပေးသည့် အသင်း ၁ ခုမှ ရရှိသည့် ငွေများအတွင်းမှ တဆင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရပြီး ကျပ် ၅၀၀၀ တန် အတုမှာ တစ်ရွက်ထက် ပိုနိုင်ကြောင်းလည်း သူမက ရှင်းပြသည်။ ထို့အတူ မင်္ဂလာဒုံမြို့နယ်တွင်လည်း ငွေစက္ကူအတုများကို အစစ်နှင့် ကြားညှပ်၍ သုံးစွဲသည်ကို တွေ့ရှိရကြောင်းလည်း ဒေသခံများက ပြောသည်။
“ဟိုတရက်က လဲနေကြ ကေပေး ငွေလဲဆိုင်မှာ ကောင်မလေး ၁ ယောက် ၅ သောင်းလာထည့်တာ အတု ၂ ရွက်ကို ကြားညှပ်ထည့်သွားတယ်တဲ့။ ဆိုင်က သေချာမစစ်မိတော့ ခံလိုက်ရရော” ဟု မင်္ဂလာဒုံမြို့နယ်နေသူ တစ်ဦးက ပြောသည်။ “အုပ်ထဲပါလာရင် မသိနိုင်ဘူး။ တစ်ရွက်ချင်းဆို သိနိုင်တယ်” လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် ကျပ် ၅၀၀၀ တန်၊ ၁၀၀၀၀ တန် အတုများကို ရောင်းချပေးနေသည်ဟု လူမှုကွန်ရက်စာမျက်နှာများမှ တဆင့် ကြေညာပြီး လိမ်လည်နေသည့် Page များလည်း များစွာ ပေါ်ပေါက်လာသည်။
“အသိဦးလေးဆို သူ့ကို လာကန်တော့တဲ့ ငွေထဲ ၅၀၀၀ တန် အတုပါနေတာ သူကမသိဘူး။ အဲဒီ ပိုက်ဆံနဲ့ 2D သွားထိုးမှ အတုမှန်းသိတာတဲ့။ အဲဒီ ၅၀၀၀ တန်အတုက မြွေရေခွံအိတ်လို အကွက်အကွက်တွေနဲ့ မှင်လိုင်းကို ဆေးနီဆိုးထားတာ” ဟု ရန်ကုန်ဒေသခံတစ်ဦး က ရှင်းပြသည်။
လက်ရှိ ကုန်စျေးနှုန်း မြင့်တက်ခြင်းကြောင့် ကျပ်တည်းနေသည့် အခြေခံလူတန်းစားများမှာ ငွေအတု မိမည်ကို စိုးရိမ်နေကြောင်းလည်း သိရသည်။ (LNK)
Credit to Original Uploader