ရွှေနဲ့ ဒေါ်လာ ဝယ်ပြီး ရေရှည် အမြတ်ရချင်တာလား၊ ဝယ်လိုက်ရောင်းလိုက်နဲ့ ရေတို မြတ်ချင်တာလား

ရွှေနဲ့ ဒေါ်လာ ဝယ်ပြီး ရေရှည် အမြတ်ရချင်တာလား၊ ဝယ်လိုက်ရောင်းလိုက်နဲ့ ရေတို မြတ်ချင်တာလား

ဒီအချိန်မှာ ဒေါ်လာ (USD) ဒါမှမဟုတ် ရွှေဝယ်ရမလားလို့ စဥ်းစားနေ သူတွေအနေနဲ့ ကိုယ်ဘာလုပ်ချင်တာလဲ ဆိုတာကို သေချာအရင်သိအောင်လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရင်းနှီးမြုပ်နှံမှု လို့စဥ်းစားရင် အနည်းဆုံး ၂ မျိုးစဥ်းစားလို့ရတယ်။ အကြာကြီးဝယ်ပြီး ပစ်ထားချင်တာလား ဒါမှမဟုတ် ဝယ်လိုက်ရောင်းလိုက်နဲ့ လှိုင်းစီးချင်တာလား အဲဒါကို သေချာ သိဖို့လိုတယ်။

အကယ်လို့ ကိုယ်က ငွေပိုလို့ ရေရှည်မှာ Assets တိုးအောင်လုပ်မယ်ဆိုရင် စျေးကျရင် ကျစျေး တက်ရင် တက်စျေးနဲ့ ဝယ်ထားလိုက် ပြီးရင် ပစ်သာထားလိုက်တော့ တစ်ချိန်ကျရင် ဝယ်စျေးထက် တက်ကို တက်တယ်။ ဒါဘာ Info ဘာ Theory ကိုမှ အခြေခံပြီး ပြောနေတာ မဟုတ်ဘူး။ ဒီလိုပဲ ဖြစ်ရမယ့်ကိစ္စမို့ ဒီလိုပဲဖြစ်မှာ။ အဲဒီ တစ်ချိန်ဟာ ရေတိုလား ရေရှည် လားဆိုတာ ပဲကွာမယ်။

ရေတိုလှိုင်းစီးချင်တယ် ဆိုရင်တော့ ရောင်းလိုက်ဝယ်လိုက် လုပ်ချင်တယ်ဆိုရင်တော့ နောက်တမျိုးစဥ်းစားရမယ်။ အခုကျတယ်။ ကျရင် ဝယ်ရမယ်။ ပြီးရင် ဘယ်လောက်မြတ်ချင်တာလဲကိုကြည့်.. နောက်ဘာနဲ့ မြတ်ချင်တာလဲဆိုတာ ရှိတယ်။ ကျွန်တော် Client တစ်ယောက်ဆိုရင် USD မြတ်ချင်တာ။ အဲတော့ ဒေါ်လာစျေး ၄၀၀၀ တုန်းက ရောင်းတယ်။ ရသမျှအကုန် ၃၇၀၀ မှာပြန်ဝယ်တယ် ပီးတော့ ၃၆၀၀ မှာ ပြန်ရောင်းတယ်.. ၃၂၀၀ မှာ အကုန်ပြန်ဝယ်တယ်။ ၃၀၀၀ မှာ ပြန်ရောင်းတယ်။ ခု ၂၅၀၀ ပတ်လည်မှာ အကုန်ပြန်ဝယ်တယ်။ အရောင်းနဲ့ စတယ်။ အဝယ်နဲ့ ဆုံးတယ်။ အဲတော့ သူ့လက်ထဲ USD ပို ကျန်ခဲ့တယ်။ မြန်မာငွေနည်းသွားတယ်။

အချို့က မြန်မာငွေမြတ်ချင်တာ အဲလိုဆို ဒီလိုအချိန် ဝယ်ပြီး ပြန်မရောင်းရပါဘူး။ တက်နေတဲ့အချိန် ဝယ်ပြီးရင် ပြန်ရောင်း ပြီးရင် ပြန်ဝယ် ပြီးရင် ပြန်ရောင်း။ အဝယ်နဲ့ စ အရောင်းနဲ့ဆုံး နောက်ဆုံးမြန်မာငွေကျန်ခဲ့လိမ့်မယ်။ အဲလောက်တော့ သိထားဖို့လိုတယ်။

နောက်တခု က ရင်းနှီးမြုပ်နှံမှု ဆိုတာဟာ ပိုက်ဆံ ရှိတိုင်းလုပ်လို့ရတာမဟုတ်ဘူး.. သတင်းအချက်အလက်လိုတယ်.. သတင်းအချက်အလက်ဆိုတာမျိုးက နေရာတိုင်းက ရနိုင်တယ်။ ဒါပေမယ့် ကာလတခုထိပဲ မှန်နိုင်တယ်။ ကျမှာမြင်တဲ့သူကတော့ ကျမယ်ပြောမှာပဲ.. တက်မှာ မြင်တဲ့သူကလဲ တက်မယ်ပြောတာပဲ.. သူတို့ သိတဲ့ အချက်အလက်နဲ့ သူတို့ကြည့်တဲ့ ရှုထောင့်ပေါ်မူတည်ပြီး ကွဲပြားသွားမှာ သူတို့ မြင်တဲ့ အမြင်ကို တသမတ်ထဲ ဆုတ်ကိုင်ထားရင်ကို ကွဲလိမ့်မယ်။ အဲဒါမျိုးကို အသေဆုတ်ကိုင်ထားလို့မရဘူး။

ဒေါ်လာ‌စျေး တက်တယ်။ ဘာလို့တက်လဲ ဆိုတဲ့အကြောင်းတွေအများကြီး ရှိတယ်။ ခုကျတယ်။ ဘာလို့ ကျတယ်ဆိုတဲ့ အကြောင်းတွေလဲ အများကြီးရှိတယ်။ အဲဒါတွေကို မြင်အောင်ကြည့်ဖို့လိုတယ်။ နောက်အရှိန်ကို သိဖို့လိုတယ်။ အခု ကျတယ်။ ပိုကျမှာ ကြောက်လို့ ရောင်းကြတယ်။ ရောင်းလေ ကျလေဖြစ်မှာပဲ။ ဘယ်အချိန် ရပ်သွားမလဲဆိုတဲ့ အရှိန်ကိုမှန်းတတ်ဖို့လိုတယ်။ အဲဒီအချိန်နားဝယ်ရင် အကျဆုံးစျေးနဲ့ ဝယ်နိုင်မယ်။

အဲ့လိုပဲ တက်တုန်းကလဲ ပိုတက်မှာ ကြောက်လို့ ဝယ်ကြတယ်။ ဘယ်အချိန်မှာ ရပ်မလဲ ဆိုတာ မှန်းနိုင်ရင် အတက်ဆုံးစျေးနဲ့ ရောင်းနိုင်မယ်။ ဒါဟာလဲ အရေးကြီးပါတယ်။

နောက်ဆုံးတစ်ခုကတော့ Emotion နဲ့ လောဘကို ထိန်းနိုင်ဖို့လိုတယ်။ မပြာဖို့လိုပါတယ်။ ပိုက်ဆံနဲ့ ရင်းထားတာမို့ ဆုံးရှုံးမှာတော့ ကြောက်ကြတာကြီးပဲဆိုပေမယ့် စျေးကွက်ပြောင်းတာနဲ့ စွတ်ကြောက်နေလို့တော့မရဘူး။ တက်ရင် ကြောက်လို့ဝယ် ကျရင် ကြောက်လို့ရောင်းဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ ပြောနေကျလိုပဲ ဒီဈေးကွက်မှာက မရောင်းသ၍၊ မဝယ်သ၍ မရှုံးပါဘူး။ မမြတ်ပါဘူး။ (Michael)

Leave a Comment