တော်သင့်ရုံသာ စွဲလမ်းပါ


တော်သင့်ရုံသာ စွဲလမ်းပါ

တခါတုန်းက တောရွာလေး တရွာမှာ မျောက်တကောင်ဟာ လူမရှိတဲ့ အိမ်ထဲကို ပွင့်နေတဲ့ ပြတင်းပေါက် ကနေ ဝင်လာတယ်။

မီးဖိုချောင်မှ ထန်းလျက်ခဲတွေ ထည့်ထားတဲ့ စဉ့်အိုး တလုံးကို တွေ့လို့ အဖုံးကို မယူဖွင့်ပြီး ထန်းလျက်ခဲ တလုံးကို နှိုက်စားလိုက်တယ်။ ကြိုက်လို့ နောက်နှစ်လုံး ထပ်ယူစား ပြန်တယ်။

 

နောက်တော့ စိတ်မထိန်းနိုင် တော့လို့ လက်တဆုပ်စာ ထန်းလျက်ခဲတွေ နှိုက်ယူလိုက်တယ်။ သူ့လက်ကို ပြန်ဆွဲထုတ် လိုက်တော့ သူ့လက်ကို နှုတ်မရတော့ဘူး။ သူ့လက်သီးဆုပ်ဟာ အိုးအဝ အကျဉ်းမှာ တစ်နေပြီ။

 

 

ဒီတော့ သူ့လက်ကို လွတ်အောင် အတင်းရုန်းလို့ ထန်းလျက်အိုးလည်း လှုပ်ခါနေပြီး အသံတွေ ထွက်လာတယ်။ အိမ်းနီးချင်းတွေက အသံကြားပြီး လာကြည့်လိုက်တော့ မျောက်ကို တွေ့သွားကြပြီး အော်ဟစ် မောင်းထုတ်ကြတယ်။

 

 

ဒါပေမဲ့ မျောက်ဟာ သူ့လက်သီးဆုပ်ကို မဖြည်တော့ အိုးထဲက လက်ကို ထုတ်မရ တာကြောင့် မပြေးနိုင် ဖြစ်ပြီး ရွာသားတွေရဲ့ တုတ်တွေနဲ့ ရိုက်နှက်တာ ခံရပြီး သေသွားခဲ့ ရတယ်။

 

ဒီပုံပြင်လေးကို ကြည့်ပြီး ဒီမျောက်ဟာ တော်တော် တုံးတဲ့သူပဲ။ လက်သီး ဆုပ်ထားတာ ဖြည်ပြီး ထွက်ပြေးရင် ရလျက်သားနဲ့ လို့ မှတ်ချက် ပေးပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီပုံပြင်ကို အခုလိုမျိုး တွေးမိပါတယ်။

 

 

မျောက်ဟာ ထန်းလျက်ခဲ တွေကို စွဲလမ်းတပ်မက်တဲ့ တဏှာကို မစွန့်နိုင်လို့ သေသွားရတယ်။ ဒီလိုပါပဲ လူတွေ မှာလည်း တဏှာကြောင့် ဘဝ ပျက်သွားတာတွေ အများကြီးပါ။ တဏှာဆိုလို့ ဖိုမကိစ္စ တခုတည်းပဲ မဟုတ်ပါဘူး။

 

 

လူတွေဟာ စွဲလမ်းတပ်မက်ခြင်း တဏှာလို့ ပြောရင် ဘာသာရေး ကိစ္စလို့ မြင်ကြတယ်။ တကယ်တော့ လူတွေ နေ့စဉ် သတိမထားမိတဲ့ စွဲလမ်းမှုတွေမှာ အရမ်း အားသန်သွားရင် မိမိဘဝ ထိခိုက်မယ် ဆိုတာ သတိပြုစေ ချင်ပါတယ်။

 

မနက် မိုးလင်းကတည်းက အိပ်တဲ့ အချိန်ထိ ဖုန်းလေး ပွတ်နေတာ ကလည်း စွဲလမ်းတပ်မက်ခြင်း တဏှာ ဆိုတာ သတိပြုစေ ချင်ပါတယ်။

 

ဒါကြောင့်မို့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သတိပြုမိထားရင် အဘယ်အရာမှာ မဆို ကြိုးစား သတိထားပြီး “တန်ဆေးလွန်ဘေး” မဖြစ်အောင် လုပ်ကြရပါမယ်။

လေးစားစွာဖြင့် Credit – မူရင်းရေးသူ

Zawgyi ဖြင့်ဖတ်ပါ



 


 


 


 


 


 


 

 


 


 



Leave a Comment