တစ်ခါက တောရွာတစ်ရွာရဲ့အနီးမှာ အင်မတန် ထူထပ်လှတဲ့ မြက်ရိုင်းပင်တွေ တောထ ပေါက်ရောက်နေခဲ့ပါသတဲ့..။အဲဒီမြက်ရိုင်းအုပ် ထဲမှာတော့ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဟောက် တစ်ကောင် နေထိုင်တယ်..။အဲဒီမြွေဟောက်ဟာ အင်မတန်မှလည်း ဒေါသကြီးတဲ့အလျောက် အနီးအနားဖြတ်သန်းသွားသမျှ
ရွာသူရွာသားတွေကို အမြဲတမ်းလိုက်လံ ကိုက်ခဲပါသတဲ့။အဲဒီလို ဖြတ်သန်းသွားတဲ့လူတွေတင် ကိုက်ရတာ မတင်းတိမ်နိုင်တာကြောင့်လည်း မြွေဆိုးဟာ ရွာထဲအထိ ဝင်ရောက်ပြီး အိမ်တိုင်ရာရောက်လိုက်လံ ပေါက်တဲ့အထိ ဖြစ်လာပါသတဲ့..။
အဲဒီလို ဆိုးလွန်းတဲ့မြွေကြောင့် ရွာသူရွာသားတွေဟာ အင်မတန်မှ စိတ်ဆင်းရဲသောက ရောက်ကြရပါသတဲ့..။မိမိ လယ်ယာ ကိုတောင် သွား ရောက် မထွန်ရက်၊ မစိုက်ပျိုးရဲတဲ့အထိ ဖြစ်လာခဲ့ပြန်တယ်။ အဲဒီအခါမှာတော့ ရွာသားတွေ ကိုးကွယ်တဲ့ ရသေ့ကြီး ဟာ မြွေဟောက် ရှိရာ မြက်ရိုင်းတောကို လာရောက်ခဲ့ပါသတဲ့..။
အဲဒီအခါမှာလည်း မြွေဟောက်ဟာ ရသေ့ကြီးကို ပေါက်သတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြန်တယ်။ ဒါပေမယ့်လည်း ထူးဆန်းစွာနဲ့ပဲ ရသေ့ကြီးဟာ တစ်စုံတစ်ရာမှ ထိခိုက်မှု မရှိတာကို မြွေဟောက်က တွေ့လိုက်ရတယ်။အဲဒီအခါ မြွေ ဟောက် က အံ့သြတကြီးနဲ့ ဒီလိုမေးခဲ့တယ်..။
“ရသေ့.. သင်ဟာ ငါဘယ်လောက်ပေါက်ပေါက် မဖြုံဘူးပဲ..။ ဒီရွာထဲက လူတွေဆို ငါပေါက် လိုက်လို့ကတော့ ကွမ်းတစ်ရာညက်ဆို အသေပဲ။ ရသေ့က ဘယ်လို အစွမ်းတွေနဲ့ ဒီလိုနေနိုင်ရတာလည်း”အဲဒီလို မြွေဟောက်ရဲ့အမေးစ ကားကို ကြားတဲ့အခါ ရသေ့ကြီးအေးချမ်းစွာနဲ့ ကဒီလိုဖြေလိုက်တယ်။
“ဒကာ မြွေဟောက်။ လောကမှာ မေတ္တာတရားထက် ခွန်အားကြီး မားတဲ့ အရာမရှိဘူး။ သည်းခံခြင်းတရားက ငါ့ကို ကာကွယ်ပေးထားတာပဲ”အဲဒီလိုရသေ့ကြီး အေးချမ်းစွာဖြေကြားပုံကို မြင်တဲ့အခါ မြွေ ဟောက်ရဲ့ ဒေါသတွေ ပြေလျော့သွားပြန်တယ်။
အဲဒီနောက်မှာလည်း ရသေ့ကြီးဟာ မြွေဟောက်ကို သည်းခံခြင်းတရား၊ ဒေါသကို ငြိမ်းအေးစေခြင်း တရားတို့ကို ကောင်းစွာဟောပြခဲ့တယ်။ အဲဒီတရား အဆုံးမှာလည်း မြွေဟောက်ကို ဒီလိုပြောခဲ့တယ်။“တကာမြွေဟောက် အသင်ဟာ
အဆိပ်အားကိုးနဲ့ ရွာသားတွေကို ကိုက်ခြင်း၊ သူ့အသက်သတ်ခြင်း ဆိုတဲ့ အကုသိုလ်ကို အကြိမ်ကြိမ်ပြုမိနေတယ်။ အဲဒီအကု သိုလ်မဖြစ်အောင် စောင့်ထိန်းလော့”အဲဒီအခါမှာတော့ မြွေဟောက်ဟာ အင်တင်တင်နဲ့ပဲ နောင်အခါ ရွာသားတွေကို မကိုက်တော့မယ့်အ ကြောင်း ရသေ့ကြီးကို ကတိပေးလိုက်တယ်။
အဲဒီလိုနဲ့မြွေဟောက်ဟာ ဒေါသထွက်လာတိုင်း တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံတတ်လာတယ်။ ချုပ်တည်းတတ်လာတယ်။အချိန်တွေကြာလာတဲ့အခါမှာတော့ မြွေဟောက်ဟာ သဘောကောင်းတဲ့ မြွေဟောက်တစ်ကောင် ဖြစ် လာပါသတဲ့..။
အဲဒီနောက်မှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တွေ့မြင်ပေမယ့်လည်း အရင်တုန်းကလို ထွက်မပြေးတော့ပဲ တရင်းတနှီး ရှိလာကြပါသတဲ့။နောင်အခါမှာတော့ ရွာသားတွေဟာ တဖြည်းဖြည်း အတင့်ရဲလာပြန်တယ်။ သူတို့တွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ..
အပေါ်က တောင် ခွကျော်သွားကြပြန်တယ်။ဒါပေမယ့်လည်း မြွေဟောက်ဟာ သည်းခံမြဲ သည်းခံနေပြန်တယ်။တဖြည်းဖြည်းနဲ့ အချိန်တွေကြာလာပြန်တဲ့အခါ ရွာသားတွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ ကျော်ခွတောင် မသွားတော့ပဲ မြွေဟောက်အပေါ်က တက်နင်းလျှောက်လှမ်း သွားကြ ပြန်တယ်။
အဲဒီအခါမှာလည်း မြွေဟောက်က သည်းခံမြဲသည်းခံနေခဲ့ရပြန်တယ်..။အဲဒီလိုနဲ့နောက်ပိုင်းမှာတော့ ရွာသားတွေဟာ မြွေ ဟောက် ကို တက်နင်းသွားတဲ့အပြင် အမြီးနဲ့ ခေါင်းကိုပါ ကျောက်တုံးနဲ့ ဖိထားကြပြန်တယ်။ မြွေဟောက်က သည်းခံပြန်တယ်။အဲဒီအခါ ရွာသားတွေက မြွေဟောက်ကို တွေ့တဲ့အခါ
ကြိုးခွေလို ချည်ပြီး လိန်ကျစ်ခါ စနောက်ကြပြန်တယ်။ မြွေဟောက်ခမျာလည်း ကြိတ်မှိတ်ပြီး သည်းခံရပြန်တယ်။နောက်ဆုံးမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို ယူဆောင်ပြီး အမြီးက ကိုင်ကာ တစ်ယောက်တစ်လှည့် မွှေ့ယမ်း ဆော့ကစားကြပြန်သတဲ့..။အဲဒီအခါမှာတော့ မြွေဟောက်ဟာ ဆက်လက် သည်းခံနိုင်ခြင်းမရှိတော့ပဲ
ရသေ့ကြီးရဲ့ ကျောင်းသင်္ခန်းကို သွား ရောက်ပြီး ဒီလို အပြစ်တင်ခဲ့တယ်။ “ရသေ့ကြီး ကျုပ်ဟာ အသင်ဟောပြတဲ့ တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံခဲ့ပါတယ်။ ဒါပေမယ့် ဒင်းတို့ဟာ တဖြည်းဖြည်းနဲ့ရောင့်တက်လာတယ်။ ခုဆို ကျုပ်ကို အမြီးက ကိုင်ပြီး မွှေ့ယမ်း ဆော့ကစားမှုကိုတောင် ပြုလုပ်နေကြတယ်။
အဲဒီတော့ ကျုပ် ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ရသေ့ကြီးပြောတော့ သည်းခံခြင်းသည် အောင်မြင်ခြင်းဆို၊ မေတ္တာရောင်ပြန်ဟပ်ဆို၊ ခုတော့ ရောင် ပြန်မဟပ်ပဲ ကြာရင် ကျုပ်သေတော့မယ်”အဲဒီအခါ ရသေ့ကြီးက မြွေဟောက်ရဲ့ဖြစ်အင်ကို ကြည့်ပြီး အားပါးတရ ရယ်မောပြန်တယ်။
ပြီး တော့ ရသေ့ကြီးက ဒီလိုမိန့်လိုက်တယ်။ “မြွေဟောက်.. သေချာနားထောင်လော့.. ငါက သင့်ကို မကိုက်ဖို့ပဲ ဆုံးမခဲ့တာ..။ ပါးပြင်းမထောင်ရဘူးလို့ မဆုံးမခဲ့ဘူး” ပြောဆိုလိုက်ပါတယ်။
Credit – နွေမင်းသစ်