မျှတဖို့အတွက် သင်ခန်းစာပေးတဲ့ အို:


တခါက အဖိုးအိုတယောက်ဟာ အိမ်နီးချင်းထံမှ အိုးကြီးတလုံးကို ခဏ ငှားရမ်းသတဲ့။ ဆယ်ရက်လောက် ကြာတဲ့အခါ အိုးကြီးထဲကို အိုးငယ်လေး ထည့်ပြီး ပြန်မဆယ်မိပဲ ပြန်ပေးမိသတဲ့။

 

 

ဒါကို အိမ်နီးချင်းက သိတော့ ဒီအိုးလေးက ဘာလို့ ပါလာတာလဲလို့ မေးတာပေါ့။ အဖိုးအိုက “သြော်၊ ကျနော် အိုးငှားတုန်းက ခင်ဗျားအိုးက ကိုယ်ဝန်ကြီးနဲ့ ထင်ပါရဲ့၊ ဒါကြောင့် ဒီအိုး အသေးလေး မွေးတာ ဖြစ်မယ်” လို့ ပြောလိုက်သတဲ့။

 

 

အိုးပိုင်ရှင်က ဒီအဖိုးကြီး တော်တော် တုန်းတာပဲလို့ တွေးပြီး “ကောင်းပါပြီဗျာ၊ နောက်ကို အိုး အသုံးလိုရင်လည်း လာငှားလိုက်ပါ” လို့ ပြောပြီး အိုးအငယ်လေးကို သိမ်းထားသတဲ့။

 

 

ရက်အနည်းငယ် ကြာတော့ အဖိုးအိုလည်း အိုးကို အိုးပိုင်ရှင်ထံ နောက်ထပ် တကြိမ် လာငှားပြန် သတဲ့။ ၁၀ ရက်၊ ၂၀ ရက်၊ တလ ကြာသည်အထိ အဖိုးက အိုးကို ပြန်မပေးပဲ နေတဲ့အခါ အိုးပိုင်ရှင်လည်း စိတ်ပူပြီး သူ့အိုးကို ပြန်လာတောင်းတာပေါ့။

 

 

ဒီတော့ အဖိုးအိုကလည်း “ကံကြောင်းတရားပဲ ထင်ပါရဲဗျာ၊ ခင်ဗျားအိုး မနေ့ကပဲ ကွယ်လွန် အနိစ္စရောက်သွား ရှာပြီ” လို့ ပြောလိုက်တယ်။

 

 

ထိုအခါ အိုးပိုင်ရှင်က “ဟဲ့ အဖိုးကြီး ရူးနေလား၊ အိုးဆိုတာ ကွယ်လွန် အနိစ္စ ရောက်တယ်လို့ ရှိရဲ့လား။ ကျူပ်အိုး ပြန်ပေး” လို့ ပြောတာပေါ့။

 

အဲ့အခါမှ အဖိုးအိုက “အော်၊ ခင်ဗျားလည်း မတော်မတရား စကား ပြောတတ်သားပဲ။ အရင်တခါ ခင်ဗျား အိုးကြီးက အိုးကလေး မွေးတယ်ဆိုတော့ ယုံတယ်။

 

 

အခု အိုးကြီး ကွယ်လွန် အနိစ္စ ရောက်တယ် ဆိုတော့ ခင်ဗျားမယုံဘူး။ ခင်ဗျား စကားဟာ တရားရဲ့လားဗျာ” လို့လည်း ပြောလိုက်ရော အိုးရှင် ခင်ဗျာ မျက်နှာလေး ငယ်ပြီး ပြန်သွားရသတဲ့။

 

 

ဒီလိုပါပဲ လောကမှာ ကိုယ်နှစ်သက်တာလေး၊ ကိုယ်ကြိုက်တာလေးများ ပြောလိုက်လို့ ရှိရင် မှားတာ မှန်တာ မစဉ်းစားတတ်ကြပါဘူး၊ သဘောတွေကျနေတတ် ကြပါတယ်။ ပီတိတွေ ဖြစ်နေတတ်ကြပါတယ်။

 

 

ကိုယ်မကြိုက်တာ လေးများ ပြောမိပြီးဆို မည်သို့ပင် အမှန်စကား ဖြစ်နေပါစေ လက်မခံနိုင် တတ်ကြဘူး ဆိုတာကို သတိပြုနိုင် ကြပါစေ။

Credit – မူရင်းရေးသူအား လေးစားစွာဖြင့်

Zawgyi ဖြင့်ဖတ်ပါ


 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 



Leave a Comment