တသက်မမေ့နိုင်တော့မယ့် သဲဖြူကုန်းရွာက ဖြစ်ရပ်ဆိုးကြီး

မြေကော်စက်၊ မြေတူးစက် များနှင့် ရာနှင့်ချီသောကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များက မရပ်မနား တူးဖော်ရှာဖွေနေကြသည်။ မြေနီ နှင့် ကျောက်တုံး အချို့ဖုံးလွှမ်းနေ သောနေရာတွင် ယန္တရားမျိုးစုံနှင့် ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ လုပ်ကိုင်နေ သည် ကို ခပ်လှမ်း လှမ်းမှလူများစွာက ၀ိုင်းအုံကြည့် ရှုနေသည်။ ရာနှင့်ချီသော ကြည့် ရှုနေသူလူအုပ်အတွင်း အများစု ၏မျက်နှာမှာ မကောင်းလှ။ ၀မ်း နည်းမှုနှင့် ပူပင်သောကတို့ကို၎င်း တို့မျက်နှာတွင် အထင်းသားတွေ့ ရ၏။

ထိုလူအုပ်အတွင်း သဲဖြူ ကုန်းကျေးရွာအနီးရှိ ကော့စိုင်း ရွာမှ ဦးစိုးမြင့်တစ်ယောက်လည်း ပါသည်။ ‘‘ခယ်မအိမ်က ရေကြီး နေလို့ ခုနစ်ယောက်စလုံး ယောက္ခမအိမ်တက်သွားတယ်။ ယောက္ခမအိမ်ကခြောက်ယောက် အားလုံး ပါသွားတယ်။ အခုထိ အလောင်းပြန်မရသေးဘူး။ ပေါင် ဆေးရုံတို့၊ ဘာတို့မှာလည်း သွား ရှာပြီးပြီ။ အလောင်းတောင် မတွေ့ဘူး။ ၁၃ ယောက်စလုံး ပျောက်နေသေးတယ်’’ ဟု ဩ ဂုတ် ၉ ရက်က လူပေါင်းများစွာ၏ ဘ၀များကို ဖျက်ဆီးပစ်ခဲ့သော ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ နှင့် ကပ်လျက် မလတ်တောင် မြေပြိုမှုတွင် ယောက္ခမ၏မိသားစု ၀င်များ အခင်းဖြစ်ပြီး နောက်တစ် နေ့အထိ ပျောက်ဆုံးနေသည်ကို ဦးစိုးမြင့်တစ်ယောက် ဖွင့်ဟ သည်။ ထို့ကြောင့် ရှာဖွေကယ် ဆယ်ရေး လုပ်ကိုင်နေရာသို့ မိ သားစုဝင်များကို တွေ့လိမ့်နိုးနိုး လာ၍ စောင့်ကြည့်နေခြင်းဖြစ် သည်။

တသက်မမေ့နိုင်တော့မယ့် သဲဖြူကုန်းရွာက  ဖြစ်ရပ်ဆိုးကြီး 1

အဖြစ်ဆိုးကြီးမှ သီသီလေး လွတ်မြောက်ခဲ့သော်လည်း သဲဖြူ ကုန်းကျေးရွာသူ အသက်(၂၀)အရွယ် မအိအိဖြူ တစ်ယောက် ယခုအချိန်ထိ ထိတ်လန့်နေဆဲ ပင်။ ‘‘၀ုန်းဆိုတဲ့ အသံကြီးကြီး ကြားတာနဲ့ ကျွန်မအိမ်ရှေ့မှာ မြေကြီး ရောက်လာ တယ်။ ကျွန်မ လည်း အိမ်နောက်ဖေးဘက်က ထွက်ပြေးလိုက်တယ်။ လွတ်သွား တယ်။ မိသားစုတွေက ဟိုဘက် အိမ်မှာ သူတို့လည်းလွတ်သွား တယ်။ အခုထိ ကြောက်နေလို့ ထမင်းတောင် မစားနိုင်ဘူး’’

ဩဂုတ် ၉ ရက်နံနက် ၇ နာ ရီခွဲခန့်တွင် မလတ်တောင်မြေပြို မှု၌ သဲဖြူကုန်းကျေးရွာဒေသခံ တစ်ဦးစီတိုင်း အဖြစ်ဆိုးနှင့် ပတ်သက်၍ ဇာတ်လမ်းတစ်ပုဒ် စီရှိနေ၏။ အားလုံးမှာ ကြောက် ရွံ့ထိတ်လန့်စရာနှင့် ၀မ်းနည်း စရာ ဇာတ်လမ်းများပင် ဖြစ်၏။ ယခင်က စိမ်းလန်းစိုပြည်၍ တော ရှုခင်းဖြင့် သာယာခဲ့သောရွာနှင့် မလတ်တောင်မှာ ယခုအခါတွင် တောင်တစ်ခြမ်း ပဲ့နေပြီး မြေနီများ မှာလည်း တောင်အောက်ရှိ သဲ ဖြူကုန်းကျေးရွာမှ လူနေအိမ်အ ဆောက်အအုံအချို့၊ လမ်းများ၊ ယာမြေများကို ဖုံးလွှမ်း၍ အ ကျည်းတန်နေသည်။

တသက်မမေ့နိုင်တော့မယ့် သဲဖြူကုန်းရွာက  ဖြစ်ရပ်ဆိုးကြီး 2

မြေပြိုမှုကို သဲဖြူကုန်းကျေး ရွာမှ အိမ်ထောင်စု ၂၇ စုမှလူဦး ရေ ၁၆၉ ဦးရင်ဆိုင်ခဲ့ရသည်။ ဩ ဂုတ် ၁၀ ရက်ည ၈ နာရီ အထိ ၄၁ ဦးသေဆုံးကာ ၄၁ ဦးပျောက်ဆုံး နေဆဲဖြစ်သည်။ ၈၇ ဦးမှာ ကံကောင်းထောက်မစွာဖြင့် ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် ဒေ သခံများ၏ ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့သည်။ ပျောက် ဆုံးနေသူများကို မီးသတ်တပ်ဖွဲ့ ၀င်များ၊ တပ်မတော်သားများ၊ ရဲ တပ်ဖွဲ့ဝင်များ အင်အား ၅၀၀ ကျော်ဖြင့် အလှည့်ကျအုပ်စုခွဲ၍ ရှာဖွေနေသည်။ သဲဖြူကုန်း ကျေးရွာတွင် အိမ်ခြေ ၇၁၄ အိမ်၊ အိမ် ထောင်စု ၈၂၀၊ လူဦးရေ ၅,၀၂၈ ဦးနေထိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်က ပြော သည်။

မြေမပြိုမီ လက္ခဏာများ

ပေ ၃၀၀ ကျော်မြင့်သည့် မလတ်တောင်သည် မပြိုမီ ရက် အနည်းငယ်က ထူးဆန်းသည့် လက္ခဏာများပြခဲ့ကြောင်း ဒေသ ခံများက ပြောသည်။ တောင်မပြို မီ အရင်ရက်က ကားတစ်စီးမှာ ရပ်ထားလျက် တိမ်းမှောက်သွား ပြီး မှောက်သောကားကို ထူပေး သူများမှာလည်း ဓာတ်လိုက်ခဲ့ ကြောင်း မြေပြိုမှုအနီးနေထိုင် သည့် ဦးမောင်အေးက ပြော သည်။

တသက်မမေ့နိုင်တော့မယ့် သဲဖြူကုန်းရွာက  ဖြစ်ရပ်ဆိုးကြီး 3
MYANMAR-ACCIDENT-FLOOD-LANDSLIDE

မိုးရေချိန် စံချိန်သစ်တင် အောင်ရွာသွန်းပြီးနောက် မြေမပြို မီ နံနက် ၄ နာရီခန့်တွင် မြေငလျင် လှုပ်သကဲ့သို့ မြေလွှာ လှုပ်ရှား သည်ကို သိရှိခံစားကြရကြောင်း ဒေသခံများကပြောသည်။ ထို့အ ပြင် မြေမပြိုမီ မိနစ်ပိုင်းခြား၍ ထူးဆန်းသည့် အသံများ၊ တော်လည်း သံများကြားရကြောင်း ဦးမောင် အေးက ဆက်ပြောသည်။

ဖျက်အားပြင်းသည့် မြေပြိုမှု

‘‘၀ုန်းခနဲ အသံကြီးကိုကြား ရတယ်။ ထွက်ကြည့်လိုက်တော့ မြေပြိုတာ တွေ့လိုက်ရတယ်။ စက္ကန့်ပိုင်းအတွင်းပဲ မြေနီတွေ ဖုံး လွှမ်းသွားတယ်။ ဘာမှမရှိတော့ ဘူး။ ဦးလေးနဲ့ မနေ့ကစကားပြော ဖြစ်တဲ့ မိတ်ဆွေလည်း ပါသွား တယ်။ သူ့အိမ်ထဲမှာ နွားတွေ လည်း မွေးထားတယ်။ အကောင် ၂၀ လောက်ရှိတယ်။ အခုထိ တစ် ကောင်မှ ပြန်မရသေးဘူး။ ကျွန် တော်လည်း အခုထိ ထမင်းမစား နိုင်သေးဘူး။ ဘာမှ မထင်မှတ် ထားတဲ့အရာကြီး ဖြစ်သွားတော့ စိတ်က မတည်ငြိမ်သေးဘူး’’ ဟု အသက်(၈၀)အရွယ် သဲဖြူကုန်း ကျေးရွာဇာတိ ဦးခင်မောင်က ပြောသည်။ ၎င်းတစ်သက်တွင် ယခုကဲ့သို့အဖြစ်မျိုး မကြုံဖူးသေး ကြောင်းလည်း ဆက်ပြောသည်။

ဒေသခံများအပြင် ရေကြီး ပြီး လမ်းပိတ်နေသဖြင့် ခေတ္တရပ် နားနေသော ကုန်တင်ကားအချို့ နှင့် အိမ်စီးကားများပေါ်မှ လူများ ရော ကားများပါ ပျောက်ဆုံးသွား သဖြင့် သေဆုံးသူအရေအတွက် ကို ခန့်မှန်း၍မရနိုင်သေးကြောင်း ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦး ဇော်မိုးအောင်က ပြောသည်။ ‘‘မြေပြိုတော့ ကားတွေက လွင့် စဉ်သွားတယ်။ ကုန်ကားကြီးတစ် စီးဆိုရင် ပေ ၅၀ လောက်လွင့်စဉ် ပြီး ပါသွားတယ်။ ကားအသေး တွေလည်း အများကြီးပါသွား တယ်’’ ဟု ၎င်းက ဆက်လက် ပြောသည်။

တောင်မှ ပြိုကျလာသည့် မြေနီနှင့် ကျောက်တုံးများမှာ တောင်အောက်ခြေ ပြိုကျရာလမ်း ကြောင်းတစ်လျှောက် ဖုံးလွှမ်း သွားပြီး ဖုံးလွှမ်းနေသည့်မြေထု ထည်မှာ ၁၅ ပေမှ ပေ ၂၀ ခန့်ရှိ ကြောင်း မွန်ပြည်နယ်မီးသတ်ဦး စီးဌာန ဒုပြည်နယ်ဦးစီးမှူးဦးတင် ဦးက ပြောသည်။

ဘာကြောင့် တောင်ပြို

ပေါင်မြို့နယ်တွင် ဩဂုတ် ၉ ရက်က မိုးရေချိန် ၁၆ ဒသမ ၀၂ လက်မတိုင်အောင် စံချိန်တင် ရွာသွန်းခဲ့သည်။ မိုးသည်းထန် စွာ ရွာသွန်းခြင်းနှင့် တောင်ပေါ်တွင် သစ်ပင်များ လျော့နည်းခြင်းတို့ ကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက သုံးသပ်သည်။ ‘‘တစ်ခါမှ မကြုံဖူးတဲ့ မိုးရေချိန် လက်မက ရာစုနှစ်တစ်စုမှာ ဒီလို ဖြစ်သွားတော့ တောင်တန်းတွေရဲ့ အနေအထားက သဘာဝပတ် ၀န်းကျင်ပျက်စီးနေတယ်။ တောင်တွေမှာ သစ်ပင်ကြီးတွေမရှိတော့ဘူး။ ချုံနွယ်တွေ လောက်ပဲရှိတော့ တယ်။ အဲဒီအနေအထားမှာ တောင်ပြိုမှုဖြစ်စဉ်ဖြစ်သွားတယ် လို့ ကျွန်တော်ထင်တယ်’’ ဟု ပေါင်မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးဇော်ဇော် ထူးက ပြောသည်။

ထို့အပြင် တောင်ပေါ်နှင့် တောင်အနီးဝန်းကျင်တွင် လမ်း ဖောက်လုပ်ရန် မြေတူးဖော်ခြင်း များကြောင့် တောင်ပြိုခြင်းဖြစ် ကြောင်း ဒေသခံအချို့က ပြော သည်။ သို့သော် မြေတူး၍ တောင် ပြိုသည်ဆိုခြင်းကို ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် က ငြင်းဆိုသည်။ ‘‘တချို့ကတော့ လောဘသားကောင်တွေက မြေ တူးလို့ မြေပြိုနေတယ်ဆိုတာ ရေး နေကြတယ်။ တကယ်တမ်း တရားမ၀င်မြေတူးတာတွေရှိတယ်။ ကျွန်တော်တို့က ထိထိရောက် ရောက်တားခဲ့၊ ဆီးခဲ့တာ တွေရှိ တယ်။ အခုပြိုတဲ့နေရာက မြေတူး လို့မဟုတ်ဘူး။ မြေရဲ့ပြတ်ရွေ့ ကြောကနေ အက်ကြောင်းထင် လာပြီး ပြိုကျတာဖြစ်တယ်’’ ဟု ဦးဇော်မိုးအောင်က ဆိုလေသည်။

ပျောက်ဆုံးနေသူများ အသက် ရှင်ရန် မျှော်လင့်ချက်နည်း

ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ က အရေအတွက်အများဆုံးဖြင့် ဦးဆောင်လုပ်ကိုင်နေသည်။ ဒေ သတွင်းနှင့် နယ်ဝေးမှ မီးသတ် တပ်ဖွဲ့ဝင်များနှင့် အရပ်ဘက်အ ဖွဲ့အစည်းများက ရှာဖွေရေးလုပ် ငန်းများကို အဓိကလုပ်ကိုင်ပြီး တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ ၀င်များက သစ်ပင်များရှင်းလင်း ပေးခြင်း၊ လမ်းရှင်းပေးခြင်း၊ လုံ ခြုံရေးယူပေးခြင်းတို့ကို အဓိက ဆောင်ရွက်နေသည်ကို တွေ့ရ သည်။ ဘက်ဟိုးနှင့် ဘူဒိုဇာအစီး ရေများစွာကလည်း မနားတမ်း ရှာဖွေရေး ဆောင်ရွက်နေသည်။

ဩဂုတ် ၁၀ ရက်ညနေတွင် မြေပြိုမှု ဖြစ်ပွားသည့်နေရာကို ပြည်သူများ ဖြတ်သန်းသွားလာ ခြင်းမပြုရန်တားမြစ်ထားပြီး အန္တ ရာယ်ဇုန်အဖြစ် ယာယီသတ်မှတ် ထားကြောင်း ပေါင်မြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် မိ ကွန်ချမ်းက ပြောသည်။ အခင်းဖြစ်သည်မှာ နှစ်ရက် တိုင်သွားပြီဖြစ်၍ ကျန်ပျောက်ဆုံး နေသူများကို အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိရန်မှာ မျှော်လင့်ချက်နည်းနေပြီဖြစ်ကြောင်း ဒုပြည်နယ်ဦးစီးမှူး ဦးတင်ဦးက သုံးသပ်သည်။

‘‘မြေဖုံးတဲ့လူတွေ ပြန်ရှာ တွေ့ရင် အသက်ရှင်နိုင်တဲ့သူရဖို့ ခဲယဉ်းသွားပြီ’’

ထို့အပြင် ရှာဖွေရေးတွင် မြေထုထည်များပြီး မြေသားမာ နေခြင်းမှာ အဓိကအခက်အခဲဖြစ် ကြောင်း ၎င်းကရှင်းပြသည်။ ဩ ဂုတ် ၉ ရက်နံနက်ပိုင်းမှ စတင် သည့် ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းများကို ယင်းနေ့ညပိုင်းတွင် သာနားပြီး ၁၀ ရက် နံနက်ပိုင်းက စတင်၍ မနားဘဲ ဆက်လက်ရှာ ဖွေနေသည်။ ပျောက်ဆုံးနေသူ များ၏ မိသားစုဝင်များက ၎င်းတို့ ၏ဆွေမျိုးများ တွေ့ရလိမ့်နိုးနိုး ဖြင့် စောင့်မျှော်နေကြဆဲဖြစ် သည်။

‘‘ကိုယ့်ရှေ့မှာ ဒီလိုဖြစ် တော့ လန့်နေတုန်းပဲ။ ကြောက် တယ်’’ ဟု မြေပြိုမှုကို နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်လိုက်ရသည့် မအိ အိဖြူက ဖွင့်ဟသည်။ ဒေါ်မာတာလီ၏သမက် ဦး စိုးမြင့်တစ်ယောက်ကမူ ယောက္ခမ နှင့်ခယ်မမိသားစုတစ်စုလုံး ရှာ မတွေ့သေးဘဲ ပျောက်ဆုံးနေ သည်ကို ဇနီးဖြစ်သူအား မည်သို့ ပြောပြရမည်မသိ ဖြစ်နေလေ သည်။

Credit – 7Day Daily (လေးစားမှုဖြင့် ခရက်ဒစ်)

Be the first to comment

Leave a Reply

Your email address will not be published.


*