ဖေဖေရေ အိမ်ကိုမြန်မြန်ပြန်လာပါတော့နော်။ သမီးလွမ်းလှပြီ ဆိုပြီး ဖုန်းမှားဝင်လာသောအခါ ..

တစ်နေ့မှာ သူ အလုပ်ကိုအသွား ကားမောင်းနေတုန်း ဖုန်းဝင်လာခဲ့ပါတယ်။ တစ်ဖက်ဖုန်းသံဟာ ကလေးမလေး တစ်ယောက်ရဲ့အသံပါ။ “ဖေဖေရေ အိမ်ကိုမြန်မြန်ပြန်လာပါတော့နော်။ သမီးလွမ်းလှပြီ”။ ဒီကလေးမလေး ဖုန်း မှားခေါ်တာကို သူသိလိုက်ပါတယ်။ အဲဒီကောင်မလေးအသံက သူ့သမီးရဲ့အသံမဟုတ်တာကြောင့်ပါ။ နောက်ပိုင်းမှာ အမည်မသိတဲ့ ဖုန်းခေါ်ဆိုမှုများစွာကို သူလက်ခံရရှိခဲ့ပါတယ်။ အဲဒါကြောင့် သူ သူမက ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောလိုက်ပါတယ်။ “သမီး ဖုန်းမှားနေပြီ”။ အဲဒီလိုပြောပြီး သူဖုန်းချလိုက်ပါတယ်။

နောက်ရက်အနည်းငယ်အကြာမှာတော့ အဲဒီဖုန်းနံပါတ်ကနေ သူ့ကို ဖုန်းထပ်ခေါ်ပြန်ပါတယ်။ သူ့အတွက် နည်းနည်းအနှောင့်အယှက်ဖြစ်လာပါပြီ။ တစ်ခါတရံမှာ သူ အပေါက်ဆိုးဆိုးနဲ့ ပြန်ဖြေမိတတ်သလို တစ်ခါတစ်ခါ မှာလည်း ဖုန်းမကိုင်ဘဲ နေလိုက်ပါတယ်။ တစ်နေ့ အဲဒီလိုဖုန်းခေါ်ချိန်မှာတော့ သူ ကိုယ့်စိတ်ကိုထိန်းပြီး ဖုန်း ကိုင်လိုက်ပါတယ်။ ဘာလို့ ဒီကလေးမလေးက သူ့ဖုန်းနံပါတ်ကိုပဲ ဆက်ခေါ်နေလဲဆိုတာကိုလည်း သူသိချင်မိပါတယ်။

ဖေဖေရေ အိမ်ကိုမြန်မြန်ပြန်လာပါတော့နော်။ သမီးလွမ်းလှပြီ ဆိုပြီး ဖုန်းမှားဝင်လာသောအခါ .. 1

သူဖုန်းကိုင်လိုက်ချိန်မှာ ခေါ်နေကျကလေးမလေးအသံကိုပဲ ကြားရတာပါပဲ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ အသံ လေးက အားပျော့နေပြီး အသံရှူသံကလည်း ခပ်ပြတ်ပြတ်လေးဖြစ်နေပါတယ်။ “ဖေဖေရေ မြန်မြန်ပြန်လာပါ တော့။ သမီးအရမ်းလွမ်းနေပြီ။ မေမေပြောတာတော့ ဒီဖုန်းနံပါတ်မမှားဘူးတဲ့။ ဒါဖေဖေ့ဖုန်းပါပဲ။” လို့ ဖုန်းထဲက နေ သူ့ကို ပြောလာပါတယ်။

“ဖေဖေရေ သမီးနာလှပြီ! ဖေဖေအရမ်းအလုပ်များနေတယ်လို့ မေမေကပြောတယ်။ မေမေပဲ သမီးကို နေ့ရော ညရော ပြုစုနေတာ။ သူတော်တော်ပင်ပန်းနေပြီ။ ဖေဖေရယ် နေ့တိုင်း အလုပ်တွေများနေတာ ဖေဖေ့အတွက် အရမ်းခက်ခဲပင်ပန်းမှာ သမီးနားလည်ပါတယ်။ အဲဒါကြောင့် ဖေဖေမလာနိုင်ရင်လည်း သမီးကို အနမ်းလေး လှမ်းပေးပါနော်” ဆိုတဲ့ ချိနဲ့တဲ့ တောင်းဆိုသံလေးကို ကြားလိုက်ရပါတယ်။ သူလည်း အဲဒီချစ်စရာကောင်းလှတဲ့ အသံလေးကို မငြင်းဆန်နိုင်တာကြောင့် ဖုန်းထဲကနေ နမ်းတဲ့အသံလေး ပေးဖြစ်သွားပါတယ်။

ဖေဖေရေ အိမ်ကိုမြန်မြန်ပြန်လာပါတော့နော်။ သမီးလွမ်းလှပြီ ဆိုပြီး ဖုန်းမှားဝင်လာသောအခါ .. 2

သူလည်း ကလေးမလေး အခုလိုဖုန်းခဏခဏခေါ်နေတာကို စိတ်ဝင်စားမိခဲ့ပါတယ်။ အဲဒီလိုနဲ့ အဲဒီဖုန်းနံပါတ် ကနေတဆင့် အမျိုးသမီးတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ “အရင်အပတ်တွေတုန်းက ဆရာ စိတ်အနှောင့်အယှက်ဖြစ်သွားတာ စိတ်မကောင်းပါဘူး။ ကျွန်မတကယ်တောင်းပန်ပါတယ်။ ဒီဘက်က ကိစ္စ တွေပြီးတော့ ကျွန်မ ရှင့်ဆီဖုန်းခေါ်ချင်ခဲ့တာပါ။ တကယ်တောင်းပါတယ်” လို့ အစချီပြောဆိုလာပါတယ်။

ဒါ့ပြင် အဲဒီအမျိုးသမီးက “ကျွန်မသမီးလေးက အရမ်းသနားစရာကောင်းပါတယ်။ သူက မွေးကတည်းက အရိုးကင်ဆာရောဂါကို ခံစားခဲ့ရတာပါ။ သူ့အဖေကလည်း မကြာသေးခင်တုန်းက ကားမတော်တဆမှုနဲ့ ဆုံးသွားခဲ့တာပါ။ အဲဒီသတင်းဆိုးကို ကျွန်မ သူ့ကိုပြောမထွက်ခဲ့ဘူး” လို့ အကြောင်းစုံကိုလည်း ရှင်းပြခဲ့ပါတယ်။

ဖေဖေရေ အိမ်ကိုမြန်မြန်ပြန်လာပါတော့နော်။ သမီးလွမ်းလှပြီ ဆိုပြီး ဖုန်းမှားဝင်လာသောအခါ .. 3

“သမီးလေးကို နေ့တိုင်းဓာတုကုထုံးနဲ့ ကုသနေရပြီး အရမ်းလည်းခံရပါတယ်။ အဲဒီလိုကုထုံးပြီးလို့ သူအရမ်း နာကျင်ခံစားရချိန်ဆိုရင် သူ့ကို အမြဲအားပေးလေ့ရှိတဲ့ သူ့အဖေကို မေးတတ်တယ်” လို့လည်း ဆိုပါတယ်။ “နေမကောင်းရှာတဲ့ ကလေးကို သူ့အဖေဆုံးပြီလို့ ကျွန်မမပြောရက်ခဲ့ဘူး။ အဲဒါကြောင့် သူ့အဖေဆုံးတဲ့နေ့ ကတည်းက သူ့ကို တွေ့တဲ့ဖုန်းနံပါတ်တစ်ခု ပေးထားမိတာပါ။ အဲဒါက ရှင့်ဖုန်းဖြစ်နေတယ်” လို့လည်း သူမက ရှင်းပြခဲ့ပါတယ်။

သူမရှင်းပြတဲ့ ဇာတ်လမ်းအစအဆုံးကို နားထောင်ပြီးနောက်မှာ သူ အတော်လေးဝမ်းနည်းသွားခဲ့ပါတယ်။ “ကလေးရော အခုဘယ်လိုနေသေးလဲ” လို့ သူ ပြန်မေးလိုက်မိပါတယ်။ “Niu Niu လေး ဆုံးသွားပြီ။ ရှင် သူ့ကို အနမ်းနဲ့နှုတ်ဆက်ခဲ့တာပဲ။ သူ့မျက်နှာပေါ်မှာ အပြုံးလေးနဲ့ ဆုံးသွားခဲ့တာ။ သူမဆုံးခင် ဖုန်းကို ကျစ်ကျစ်ကိုင်ပြီး ရှင့်ဆီဖုန်းခေါ်ခဲ့တာပေါ့။ ကျွန်မသမီးလေးရဲ့ နောက်ဆုံးအချိန်ကို ပျော်ရွှင်စေခဲ့တဲ့အတွက် ကျွန်မရှင့်ကို ကျေးဇူး တင်ပါတယ်” လို့ အမျိုးသမီးက ပြန်ဖြေခဲ့ပါတယ်။

ဖေဖေရေ အိမ်ကိုမြန်မြန်ပြန်လာပါတော့နော်။ သမီးလွမ်းလှပြီ ဆိုပြီး ဖုန်းမှားဝင်လာသောအခါ .. 4

အမျိုးသမီးရဲ့စကားမှာ မင်သေနေခဲ့တဲ့ သူဟာ အဲဒီစကားဆုံးချိန်မှာတော့ သူ့မျက်လုံးထဲကနေ မျက်ရည် တစ်စက်ကျသွားတာကို သူ့ဘာသာ သတိထားမိလိုက်ပါတယ်။ တမလွန်မှာ ငြိမ်းချမ်းပါစေ သမီးလေးရေ.. သမီး ချစ်တဲ့ဖေဖေနဲ့လည်း ပြန်လည်ဆုံဆည်းနိုင်ပါစေ။

by Cherry Mon Ref; Good Times

Be the first to comment

Leave a Reply

Your email address will not be published.


*