နှစ်ပေါင်း (၅၀)အတွင်း နိုင်ငံတော်သမ္မတတစ်ဦး အနေဖြင့်အာဇာနည်နေ့အခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက်ဂါရဝပြုမည်…

(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်ဂါရဝ ပြုမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်တဦးက အတည်ပြုပြောကြားသည်။ ယင်းမှာ နှစ်ပေါင်း ၅ဝ ကျော်ကာလအတွင်း နိုင်ငံတော်သမ္မတတဦးအနေဖြင့် အာဇာနည်နေ့အခမ်းအနားသို့ ပထမဆုံးအကြိမ်တက်ရောက်ခြင်းလည်းဖြစ်သည်။

အာဇာနည်နေ့အခမ်းအနားများသို့ နိုင်ငံတော်သမ္မတတက်ရောက်ခဲ့မှု မှတ်တမ်းများအရ ၁၉၅၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ သမ္မတမန်းဝင်းမောင်၊ ၁၉၆၂၊ ၆၃၊ ၆၄ ခုနှစ်အထိ ဦးနေဝင်းတက်ရောက်ခဲ့သည်။ယခုလက်ရှိ အရပ်သားအစိုးရလက်ထက်တွင် အာဇာနည်နေ့အခမ်းအနားသို့ သမ္မတတက်ရောက်ဂါဝရပြုခြင်းမှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

”သမ္မတတက်မယ်ဆိုတော့ ကောင်းပါတယ်။ တကယ်ကောင်းတဲ့ အလုပ်ပါ။ အရင်တုန်းကတော့ သမ္မတကြီးမန်းဝင်းမောင်နဲ့ ဦးနေဝင်းကိုယ်တိုင်လာခဲ့တယ်။ အဲဒီတော့ နိုင်ငံအကြီးအကဲတွေလာတယ်ဆိုတော့ ကျွန်တော်တို့အတွက်ကတော့ ဂုဏ်ယူရတာပေါ့လေ။ နောက်တခုက ပြည်သူပြည်သားတွေကလည်း ကျေနပ်မှာပေါ့။ နိုင်ငံရဲ့ အကြီးဆုံးကလာပြီးတော့ ဂါဝရပြုတယ်ဆိုတော့ ပြည်သူပြည်သားတွေကလည်း ကြည်နူးဝမ်းသာကြမှာပါ” ဟု အာဇာနည်ခေါင်းဆောင်ကြီးဦးရာဇတ်၏သားအကြီးဆုံးဖြစ်သူ ဦးတင်မြင့်က ပြောသည်။

အာဇာနည်နေ့အခမ်းအနားများသို့ သမ္မတဦးစန်းယုလက်ထက်တွင်လည်း ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးစောမောင်လက်ထက်တွင် ပြည်ထဲရေးဝန်ကြီးက နိုင်ငံအကြီးအကဲကိုယ်စား တက်ရောက်ခဲ့သည်။”ဒီလိုတက်ရောက်တာ မိသားစုဝင်တွေအနေနဲ့ ဝမ်းသာပါတယ်။ နောက်ပြီးတော့ ဒီလိုစိတ်မကောင်းနေတဲ့၊ ကြေကွဲနေတဲ့နေ့တွေမှာ သမ္မတကိုယ်တိုင်တက်ရောက်ပြီး နှစ်သိမ့်စကားပြောရင် မိသားစုဝင်တွေ အရမ်းဝမ်းသာပါတယ်။ ၁၈ ရက်နေ့လို အာဇာနည်နေ့နီးလာပြီဆိုရင် ဆရာ့အမေ ဒေါ်သိန်းကြွယ်က တနေ့လုံး မျက်ရည်ကျတယ်။ မနေ့ကညဆိုရင် အိပ်မပျော်ဘူး။ ၁၈ ရက်နေ့ဆိုရင် ပိုဆိုးတယ်။ တညလုံးနီးပါးလောက်ကို အိပ်ရင်ခဏပဲ။ ဆရာကတော့ အမေ့ကို ဘယ်လိုနှစ်သိမ့်ရလဲဆိုတော့ မနက်ဖြန် အာဇာနည်ကုန်း အဖေ့ဆီကိုသွားမယ် အိပ်တော့ဆိုမှအိပ်တာ။ အခုနိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကိုယ်တိုင်လာမယ်ဆိုရင် အဓိကကတော့ ဆရာ့အမေကို သူတို့ စကားလာပြောမှာပေါ့။ အမေကတော့ ခံစားရမှာပေါ့။ ဒီလိုဝမ်းနည်းနေတဲ့နေ့မှာ သမ္မတကိုယ်တိုင် အားပေးစကားပြောမယ်ဆိုရင် အတိုင်းထက်အလွန် အားရှိတာပေါ့”ဟု အာဇာနည်ခေါင်းဆောင်ကြီးအတွင်းဝန်ဦးအုံးမောင်၏ သားအငယ်ဆုံးဖြစ်သူ ဒေါက်တာမင်းမြင့်က ပြောသည်။

ယခင် သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းကာလတွင် အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော်အကြီး အကဲအနေဖြင့် ဒုတိယသမ္မတသာတက်ရောက်ခဲ့ပြီး သမ္မတအနေဖြင့် တက်ရောက်ဂါဝရပြုခြင်းမရှိပေ။လက်ရှိ NLD အစိုးရသစ်လက်ထက် ၂ဝ၁၆ ခုနှစ်တွင်ပြုလုပ်သည့် ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်ဂါဝရပြုခဲ့သည်။ယင်းသို့ အာဇာနည်နေ့အခမ်းအနား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ဂါဝရပြုခြင်းသည် ၎င်းတာဝန် ထမ်းဆောင်နေသည့်ကာလအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ပြီး တပ်မတော်၏ အဆင့်မြင့်ဆုံးခေါင်းဆောင်တဦး နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၇၊ ၂၀၁၈ ခုနှစ် အာဇာနည်နေ့အခမ်းအနားများသို့ ဆက်တိုက်တက်ရောက်ခဲ့ပြီး ယခုနှစ် ၇၂ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Credit-စောင့်ကြည့်သတင်းဂျာနယ်