(၃)နှစ်သမီးလေးကို ပြန်ပေးဆွဲ အဓမ္မကျင့်ပြီး သတ်ခဲ့သူနှစ်ဦးရဲ့ CCTV မှတ်တမ်းဗွီဒီယိုဖိုင်ထွက်ပေါ်လာ

ဘူတာရုံမှာ မိခင်ရဲ့ဘေးမှာ အိပ်ပျော်နေတဲ့ ကလေးကို ခိုးယူပြန်ပေးဆွဲပြီး၊ အဓမ္မကျင့်ကာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့တဲ့ လူယုတ်မာနှစ်ဦးရဲ့ လှုပ်ရှားမှု CCTV ဗွီဒီယိုမှတ်တမ်းကို ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ Tatanagar ရထားဘူတာမှာဖြစ်ခဲ့တာပါ။

မိခင်ဖြစ်သူမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့အတွက် အိပ်ချင်မူးတူးဖြစ်နေတဲ့ သမီးကို နှိုးပြီးခေါ်သွားတာကို မသိခဲ့ရပါဘူး။ ရထားရဲတပ်ဖွဲ့ရဲ့အဆိုအရ လိင်ပိုင်းဆိုင်ရာ စော်ကားနေချိန်မှာ ကလေးက သည်းထန်စွာ ငိုကြွေးခဲ့လို့၊ ဓားနဲ့ ခေါင်းကို ဖြတ်ခဲ့တာလို့ ယူဆကြောင်း ဆိုပါတယ်။

ကလေးရဲ့အလောင်းမှာ ဦးခေါင်းမဲ့လျှက်ဖြစ်ပြီး၊ လက်ရှိအချိန်ထိ ဦးခေါင်းကို ရှာမတွေ့သေးဘူးလို့ ရဲကဆိုပါတယ်။ လောလောဆယ်တော့ Body ကို သေမှုသေခင်းစစ်ဆေးရေးဆရာဝန်တွေက စစ်ဆေးနေပါတယ်။ CCTV မှတ်တမ်းအရ တရားခံတွေကို ချက်ချင်း ခြေရာခံနိုင်ခဲ့ပါတယ်။

တရားခံနှစ်ဦးဖြစ်တဲ့ Rinku Sahu (၃၆)နှစ်နဲ့ Kailash Kumar (၃၈)နှစ်တို့ကို ရဲက ဖမ်းဆီးထားနိုင်ခဲ့ပြီး၊ လူသတ်မှု၊ အုပ်စုဖွဲ့မုဒိမ်းမှု၊ ပြန်ပေးဆွဲမှုတွေနဲ့ စွဲချက်တင်ထားပြီး၊ ဒေသခံသတင်းမီဒီယာတွေကတော့ သေဒဏ်ကလွဲပြီး သူတို့ကို ပေးဖို့ပြစ်ဒဏ် မရှိဘူးလို့ ဖော်ပြနေကြပါတယ်။

အသက်(၂၆)နှစ်အရွယ် မိခင်မှာ သမီးလေးရဲ့ ဆိုးရွားလှတဲ့အလောင်းကို မြင်ပြီးနောက် မူးမေ့လဲကျသွားခဲ့ပြီး၊ ဆေးကုသမှုခံယူနေရပါတယ်။ တရားခံတွေကိုတော့ ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ တရားခံတွေကို ဘယ်နေရာမှာ ချုပ်ထားတယ်ဆိုတာ မဖော်ပြသေးပါဘူး။

အကြောင်းကတော့ သူတို့ကို အရှင်လတ်လတ် သတ်ပစ်ဖို့ တက်ကြွလူငယ်လူအုပ်ကြီးက ရဲစန်းကို ဝန်းရံမှုတွေရှိနေလို့ ဖြစ်ပါတယ်။ Sahu ဟာ ပြစ်မှုတစ်ခုကြောင့် (၂၀၁၈)ခုနှစ် မတ်လမှာ ထောင်ဒဏ်(၂)နှစ်ချမှတ်ခံခဲ့ရပြီး၊ ပြစ်ဒဏ်မစေ့မီပြန်လွှတ်ခံခဲ့ရတာ ရက်ပိုင်းသာရှိသေးတယ်လို့ သိရပါတယ်။

လင်းဇော်ကို (D Nae Thit)

source : The Sun