
မနေ့က ရုံးတင်စစ်ဆေးခဲ့တဲ့ သမီးလေးဗစ်တိုးရီယားလေးရဲ့အမှု တတိယအကြိမ်ရုံးချိန်းမှာ သမီးလေးမေမေက ဆရာမ မနှင်းနုကို နောက်တိုးတရားခံအဖြစ် ဖမ်းဆီးစစ်ဆေးဖို့ ဆိုတဲ့ လျှောက်ထားချက်ကို တရားရုံးကပယ်ချလိုက်တယ်လို့ ပြည်သူအများ သိခဲ့ရလို့ အားမလိုအားမရဖြစ်ခဲ့ကြပြီး မနှင်းနုရဲ့သက်သေထိန်ချန်မှုကို တရားရုံးမှာ တင်ပြခဲ့ပေမဲ့ ပယ်ချရခြင်းအကြောင်းကတော့ ပုဒ်မ ၃၇၆ မုဒိန်းမှုနဲ့ စွဲချက်တင်တဲ့ အမှုအခင်းတွေမှာ ဒီလိုနောက်တိုးတရားခံ ဖမ်းဆီးစစ်ဆေးရမယ်လို့ ပြဌာန်းထားတာ မရှိတဲ့အတွက်လို့ တရားရုံးက ဆိုခဲ့ပါတယ်။
မနှင်းနုရဲ့သက်သေထိန်ချန်မှုကို ဆက်ပြီးလျှောက်ထားမယ်ဆိုရင် သက်ဆိုင်ရာရဲစခန်းကနေ ပြန်ပြီးလျှောက်နိုင်ကြောင်းလဲ တစ်ဆက်တည်း သိခဲ့ရပါတယ်။
နောက်တစ်ချက်ကတော့ ရုံးချိန်း စစ်ဆေးနေချိန်မှာ မီးပျက်သွားခဲ့တာကြောင့် သံသယတရားခံ အောင်ကြီးရဲ့ထွက်ဆိုချက်တွေကို ကွန်ပျူတာနဲ့ မသိမ်းဆည်းမိလိုက်နိုင်တဲ့ အချက်အလက်တွေလဲ ရှိခဲ့တယ်လို့ သိရပြီး မီးပျက်ချိန်မှာ ကွန်ပျူတာပိတ်သွားတာကြောင့် အချက်အလက်တချို့ဟာ ပျောက်ပျက်သွားတဲ့အခြေအနေရှိခဲ့တယ်လို့သိရှိရတာပါ။
နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ လာမယ့် သြဂုတ်လ ၁၄ ရက်နေ့မှာ စစ်ဆေးသွားမှာဖြစ်ပြီး ဗစ်တိုးရီယားအမှုအပေါ် ပြည်သူတစ်ရပ်လုံးက တာဝန်သိစွာ ခိုင်ခိုင်မာမာ၊ ဇွဲရှိရှိ နဲ့ သွေးအေးမသွားဘဲ ဆက်လက်ဝန်းရံရပ်တည်ပေးဖို့လိုအပ်ပါတယ်။
ဗစ်တိုးရီယားလေးရဲ့အမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မရုံးရဲ့ ထုတ်ပြန်ချက်အရ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာတော့ ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး သမ္မတကြီး နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အထူးမှာကြားထားကြောင်း အခုလိုပြောဆိုသွားခဲ့တာကို သိရှိခဲ့ရပါတယ်။
“Wisdom Hill မူကြိုကျောင်း နောက်ဆုံးအခြေအနေကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားစွဲထားတယ်။ ရဲက သက်သေအထောက်အထားတွေ တင်ထားတယ်။ အဲဒီတော့ တရားစီရင်ရေးကလည်း အထူးတရားရုံးဖွဲ့ပြီးတော့ ဆောင်ရွက်နေတယ်။ အဲဒီတော့ တရားရုံးမှာ ရောက်နေတဲ့ ကိစ္စ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အထူးတလည် ဘာမှပြောစရာ၊ မှတ်ချက်ပေးစရာတော့ မရှိဘူး။ တရားရုံး process အတိုင်း လုပ်သွားမယ်ပေါ့။
အဲဒီမှာ ကျွန်တော်တို့ အထူးပြု ပြောချင်တာကတော့ သမ္မတကြီးရော၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရော ဒီကိစ္စနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေး အထူးမှာကြားထားပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဒီအမှုနဲ့ ပတ်သက်ရင် တာဝန်ယူမှု တာဝန်ခံမှု အပြည်အ၀ ရှိဖို့လိုတယ် ဆိုတာ သတိပေးထားပါတယ်။ အဲဒါလေးပဲ ပြောချင်ပါတယ်။
(ဦးဇော်ဌေး၊ နိုင်ငံတော် သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲ၊ ၂.၈.၁၉) ”
EFIL-AlinnMyay(အလင်းမြေ)
Source – သက္ကမိုးညို