ဆရာဝန်တွေစကားပြောချိုသာပါတဲ့…

မကွေးက လူနာ။ သူဌေးမကြီး ဒေါ်စိန်စိန်။ သူ့တစ်ကိုယ်လုံး ဝတ်ထားတာတွေကလည်း စိန်တွေချည်း။

” ဆရာ အနာတွေက နည်းနည်းတော့သက်သာတယ်။ ဒိထက်မြန်အောင် လုပ်လို့ မရဘူးလား”

“စိတ်ရှည်ပါ။ ဖြည်းဖြည်းပေါ့။အမြန်လို အနှေးတွေ့ တတ်တယ်။ အစ်မကြီးက ဆီးချိုရှိတော့ ကျနော့်အရေပြားနဲ့ဆိုင်တဲ့ ဆေးတွေက အကုန်ပေးလို့မရဘူး။ နောက်တစ်ခုက ဆီးချိုကြောင့်လဲ ဒီရောဂါ က ပျောက်ကင်းမှု့ နှေးကွေးနေတာ။ ဆီးချိုသမားတော်ကြီး ပြောစကား နားထောင်။သူနဲ့ သေချာကုပါ”

” ကျမ အဲဒီ သမားတော်နဲ့ မပြတော့ဘူးဆရာ”

“ဟင်….သူက ဆီးချိုမှာ ကျွမ်းကျင်တဲ့ သမားတော်ကြီး နာမည်ကြီးဗျ။”

“သိတယ်ဆရာ။ ကျမ ကြိုက်လွန်းလို့ ဆီးချိုကို ရန်ကုန်မှာ သွားကုပြီး ခရုသင်းကို မန္တလေး မှာ ဆရာနဲ့ လာကုနေတာ။ ပြီးခဲ့တဲ့လက သူ့ဆီသွားပြတော့..ခင်ဗျား ခရုသင်းက မသေနိုင်ဘူး။ ဆီးချိုက သေနိုင်တယ်။ ခရုသင်းဆေးတွေ အကုန်ရပ်အဲဒီ ခရုသင်းဆက်ကုနေဦးမယ်ဆိုလဲ ဆီးချို ဆက်ကုမနေတော့နဲ့ …ဆိုလို့။

အရမ်းစိတ်ဆိုးတာပဲဆရာ။ ဆီးချိုဟာ သေတတ်မှန်း ကျမသိပါတယ်။ သူနဲ့လဲ ဆယ်နှစ်လောက်ရှိပြီ။ ပြနေတာပါ။ ဒါပေမဲ့ လူတစ်ယောက်ဟာ မသေခင် လှလှပပ နေချင်တယ်။ လူမှု့ရေးလောကမှာ ဒီအရေပြားကြောင့် ကျမ မျက်နှာ မငယ်ချင်ဘူး။ တခါတလေ ဒီအဖြူကွက်ကြီးတွေကြောင့် ကျမ အားငယ်တယ်။ သေချင်စိတ်တောင် ပေါက်လောက်တဲ့ နေ့မျိုးတွေတောင် ရှိခဲ့ဘူးတယ်။ အခု အခြေအနေက တိုးတက်လာပြီး အရောင်လည်း ပြောင်းလာလို့ ကျမက အားတက်နေတာ။ ကျမဒီရောဂါကို စင်္ကာပူ နဲ့ ထိုင်းမှာ အထိ သွားကုပြီးပြီ။ ကျမ မသေခင် လှချင်တယ်။ လူတောရဲရဲ တိုးချင်တယ်။သူက ကျမ အရမ်းပျောက်ချင်နေတဲ့စိတ်ကို နားမလည်ပဲ အခုလို ပြောချလိုက်တာကြီးကို စိတ်ဆိုးတာ။”

” သူကလည်း စေတနာအလျောက်ပြောမိတာနေမှာပါ”

“စေတနာ ဆိုပေမဲ့ နားဝင်ချိုအောင် လူနာကျေနပ်လက်ခံအောင် ပြောပြပေးသင့်တာပေါ့။ သူ့အတွက် အရေးမပါဘူးလို့ ထင်နေတာက ကျမအတွက် အသက်နဲ့ထပ်တူ အရေးကြီးတာလဲ ဖြစ်နေနိုင်သလို သူ့အတွက် အသက်တမျှ အရေးကြီးတယ်ဆိုတာကလည်း ကျမအတွက် တခါတလေမှာ အရေးမကြီးတာတွေ ဖြစ်နေတတ်တယ်လေ။အရေးကြီးတာက အပြောအဆိုပါဆရာရယ်”

ဆေးကျောင်းက ကျနော်တို့ရဲ့ ကျေးဇူးရှင်ဆရာမကြီး။အသက် ၈၀ ကပ်ပြီ။ နေမကောင်းတော့ လူမမာမေးရင်းသွားကန်တော့ဖြစ်တယ်။

” မမ သက်သာလားခင်ဗျ”

“သားရယ် အရင်နေ့တွေက သက်သာပါတယ်။ ဒီနေ့မနက် ဆေးရုံကြီးသွား MRI ရိုက်ရတယ်။ မမ တို့ လက်ထက်တုန်းက ဒါမျိုးစက်တွေ မပေါ်သေးဘူးလေ။ မမ မြင်လဲ မမြင်ဘူးဘူး။ သိလဲမသိဘူး။ကလေးမလေးနှစ်ယောက်က ဘာမပြောညာမပြောနဲ့။ မမကို စက်ထဲ ထားပြီးသူတို့က မလှမ်းမကမ်းမှာ သွားနေကြတယ်ထင်ပါရဲ့။ သူတို့နှစ်ယောက် စကားတွတ်တွတ် ပြောနေတာတော့ ကြားနေပါရဲ့။ သားရယ် …မမဖြင့်ကြောက်လိုက်တာ။ အသံကြီးက ကြောက်စရာကြီး။ တဝုန်းဝုန်းနဲ့။ ဘယ်လောက်ကြာလို့ ဘယ်တော့ပြီးမယ်မှန်းလဲမသိ။ မမလည်း ကြောက်လွန်းလို့ သူတို့ကို ခေါ်မိတယ်။ အသံထွက်လားမထွက်လားတော့မသိ။ သူတို့မကြားတာလားလည်းမသိ။ မလာကြဘူး။ ရင်တွေတုန် နှလုံးတွေလည်းခုန် အသက်ရှုတွေလည်းကြပ်ပြီး…အားလုံးလဲ ပြီးရော အခုမင်းမြင်တဲ့အတိုင်းပဲ။ မမ wheel chair နဲ့ ပြန်လာခဲ့ရတော့တာပါပဲ…အရမ်းနေမကောင်းဖြစ်သွားတယ်”

” မမ ကို ဆရာဝန်မကြီးမှန်း သူတို့မသိကြဘူးလား”

” ဆရာဝန်မကြီးမှန်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အခု အချိန်မှာ မမက လူနာလေ။ လူနာတိုင်းကို မသိနားမလည်တဲ့ လူတွေအဖြစ်ပဲ သဘောထားပြီး အခုလုပ်မဲ့ procedure က ဘာဖြစ်ပါတယ်။ အရင်ဆုံး ဘာလုပ်ပါမယ်။ ပြီးရင်ဘာဆက်လုပ်ပါ့မယ်။ အသံဘယ်လို မြည်ပါလိမ့်မယ်။ ဘာမှ မကြောက်ပါနဲ့။ ဒါက ပုံမှန်ပါ။ ကြာမြင့်ချိန် ဘယ်လောက်ဖြစ်ပါတယ်။ ကျမတို့ ဘယ်နေရာမှာ ရှိပါမယ်။ အန်တီအနားမှာအမြဲ ရှိနေပါ့မယ်။ ကိစ္စရှိရင် ဘယ်လို အချက်ပြပါ။ ဘာမှ မစိုးရိမ်ပါနဲ့။ ဆရာဝန်/ဆရာမတွေ အားလုံး အဆင်သင့်ရှိပါမယ်…..စသည်ဖြင့် လေးတွေ ပြောပေးရင် ပိုကောင်းမလားလို့ပါ။စိုးရိမ်စိတ်ကြောက်စိတ် သက်သာတာပေါ့။တကယ်တော့မမတို့က မကြာခင်သေတော့မဲ့ လူတွေပါကွယ်။ တနေ့ကိုယ်တိုင် လူနာဖြစ်ရင် နားလည်လာမှာပါ။

မင်းသူငယ်ချင်းတွေ/ ဆရာဝန်တွေကို မမက အခုလို အကြံပြုပါတယ်လို့ ပြောပေးပါ။ အလုပ်ကတော့ လုပ်ပေးနေကြပါတယ်။ကျေးဇူးလဲတင်ပါတယ်။ အပြောအဆို မရှိတာကွဲ့။အဓိကက သားရယ် ငါတို့လုပ်ပေးနေတာပဲ ဆိုတာချည်းသက်သက် မဟုတ်ပဲ အပြောအဆိုလေးတွေနဲ့ ရှင်းပြပေးရင် လူနာစိတ်ချမ်းသာမှု့အတွက် ပိုကောင်းမလားလို့ ထင်တာပဲ”

“ဟုတ်ကဲ့ပါ ခင်ဗျာ”

အပြောဆိုးရင်လည်း မကောင်းဘူး။

မပြောမဆိုလွန်းရင်လဲ မကောင်းဘူး။

” ကျနော်တို့ အများကြီး ကြိုးစားရပါဦးမည်”

Copy text: Apple Pyone