စပိန်ဘောလုံးလောကတစ်ခုလုံးကို ၀မ်းနည်းကြေကွဲစေခဲ့တဲ့ အင်းနရစ်မိသားစုရဲ့ဖြစ်ရပ်

ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းနည်းပြဟောင်း လူးဝစ်အင်းနရစ်က သူ့ရဲ့သမီးအငယ်ဆုံးလေး ကွယ်လွန်သွားခဲ့ပြီလို့ ၀မ်းနည်းကြေကွဲစွာနဲ့ ထုတ်ပြန်ကြေညာလိုက်မှုကြောင့် စပိန်ဘောလုံးလောကတစ်ခုလုံးတုန်လှုပ်သွားခဲ့ပြီး အင်းနစ်မိသားစုအတွက် နှစ်သိမ့်ဆုတောင်းမှုတွေကို လူမှုကွန်ယက်တွေကနေတစ်ဆင့် ပြုလုပ်နေကြပါတယ်။

ဘာစီလိုနာနဲ့အတူ ဂန္ထ၀င်မြောက် ဖလားသုံးလုံးအောင်မြင်မှုရရှိခဲ့ဖူးတဲ့ နည်းပြအင်းနရစ်ဟာ စပိန်လက်ရွေးစင်အသင်းကို ၂၀၁၈ ဇူလိုင်လက စတင်တာဝန်ယူခဲ့တာပါ။ ဒါပေမဲ့ နောက်ထပ် ၁၁ လအကြာမှာပဲ အင်းနရစ်ဟာ မိသားစုပြသနာတစ်ခုကြောင့် စပိန်နည်းပြရာထူးကနေ ရုတ်တရက်နုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်ကတော့ အင်းနရစ်ဟာ ဘာအတွက်ကြောင့် စပိန်နည်းပြရာထူးကိုစွန့်ခွာခဲ့ရသလဲဆိုတာကို လျှို့ဝှက်ထားခဲ့ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ကလည်း ပုဂ္ဂိုလ်ရေးအကြောင်းပြကြောင့်လို့သာ သတင်းထုတ်ပြန်ခဲ့တာပါ။

ဒါပေမဲ့ ကြာသပတေးနေ့ကတော့ အင်းနရစ်ဟာ အသက် ၉ နှစ်အရွယ်ရှိ သူ့ရဲ့သမီးငယ်လေး ဆာနာဟာ ကင်ဆာရောဂါဝေဒနာကြောင့် ကွယ်လွန်သွားခဲ့ရပြီလို့ ၀မ်းနည်းဖွယ်ရာသတင်းထုတ်ပြန်ခဲ့ပြီး ဒါဟာ စပိန်နည်းပြရာထူးကိုစွန့်လွှတ်လိုက်ရခြင်းရဲ့ အကြောင်းပြချက်လည်းဖြစ်တယ်ဆိုတာကို နားလည်သွားကြတာပါ။ အင်းနရစ်ဟာ အသက် ၁၉ နှစ်အရွယ် သားတစ်ဦး၊ အသက် ၁၈ နှစ်အရွယ် သမီးတစ်ဦးတို့လည်းရှိထားပြီး ဆာနာကတော့ အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြဘ၀ကတည်းက အင်းနရစ်ဟာ ကလပ်နဲ့အတူ အောင်မြင်မှုရရှိချိန်တိုင်း နူးကမ့်ကွင်းကြီးထဲမှာ သူ့ရဲ့သမီးလေးကိုပါခေါ်လာပြီး အောင်ပွဲခံလေ့ရှိသူဖြစ်ပါတယ်။

ဒါပေမဲ့ အင်းနရစ်ရဲ့ သမီးငယ်လေး ဆာနာဟာ Osteosarcoma ဆိုတဲ့ ရှားပါးအရိုးကင်ဆာရောဂါဝေဒနာကိုခံစားခဲ့ရပြီး သူတို့မိသားစုအတွက် အကြီးမားဆုံးထိုးနှက်မှုလည်းဖြစ်စေခဲ့တာပါ။ ဆာနာဟာ အဲဒီရောဂါဝေဒနာကြောင့် လွန်ခဲ့တဲ့ ၅ လအတွင်း ပြင်းထန်တဲ့ဆေးကုသမှုတွေကိုခံယူကာ အစွမ်းကုန်ကြိုးစားတိုက်ပွဲဝင်ခဲ့ပေမယ့် ၀မ်းနည်းဖွယ်ရာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို အင်းနရစ်က ထုတ်ပြန်ကြေညာလိုက်ပြီးနောက် စပိန်ဘောလုံးလောကတစ်ခုလုံးက ၀မ်းနည်းကြောင်းပြသခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်၊ ဘာစီလိုနာအသင်း၊ စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ စီးရီးအေကလပ် ရိုးမားတို့အပါအ၀င် ထိပ်တန်းကစားသမားတွေနဲ့ ကလပ်တွေက တရားဝင် twitter အကောင့်တွေကတစ်ဆင့် အင်းနရစ်မိသားစုအတွက် ၀မ်းနည်းပူဆွေးမှုကိုဖော်ပြခဲ့ကြပါတယ်။

Credit;…